Wednesday, March 7, 2012

ပြည်တော်ပြန်အခါကောင်း လတပေါင်း


ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော် မူနေစဉ်အခါ ဖြစ်ပါသည်။ အင်္ဂတိုင်း နှင့် မဂဓတိုင်းသားများကိုလည်း အမြိုက်တရား ဟောကြားတော်မူလျက် ရှိလေသည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထိုအကြောင်းကို ကြားသိလေ၏။ ထို့ကြောင့်
နောက်ပါ အခြံအရံတစ်ထောင်စီဖြင့် အမတ်ဆယ်ဦးကို ဦးဆောင်စေ လျက်ဘုရားပင့်ရန် ရာဇဂြိုဟ်ပြည်သို့စေလွှတ်ခဲ့သည်။ ဆယ်ကြိမ်ခွဲကာ အဖွဲ့ လိုက်သွားရောက်၍ ပင့်ဆောင်ရန်ဖြစ်သည်။

နောက်ဆုံးအဖွဲ့ တွင်မူ ယုံကြည်စိတ်ချရသော အမတ်ကြီး ကာဠုဒါယီ ကိုယ်တိုင်ဦးစီးကာ သွားရောက်ခဲ့ ရသည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာထံ ပင့်ဆောင်ရန် ရောက်သွားကြလေကုန်သော သူများအားလုံး တစ်
ယောက်တလေမျှ ကပိလဝတ်နေပြည်တော်သို့  ပြန်လည်ကာရောက် မလာကြပေ။ အကြောင်းကား ဘုရားရှင်၏ တရားတော်မြတ်ကို နာကြား ရသည်တွင် မဂ်ဆိုက်ဖိုလ်ဝင် ရဟန္တာအရှင်မြတ်များ ဖြစ်တော်မူ သွား ကြ၍ ဖြစ်သည်။ မြတ်စွာဘုရား၏ သာသနာတွင် ဧဟိဘိက္ခု ရဟန်းများ အဖြစ်ဖြင့် မွေ့လျော်လျက် ရှိကြကုန်ပြီဖြစ်လေသည်။

ထို့နောက် ရဟန္တာဖြစ်ပြီးသော ကာဠုဒါယီမထေရ်သည် လမြတ်တပေါင်း ၏သာယာကြည်နူးဖွယ်ကောင်းပုံကို ၆၄ ပုဒ်သော ဂါထာဖြင့် သီကုံး ဖွဲ့ဆို ကာ မြတ်စွာဘုရားအား ရိုသေလေးစားစွာ ဤသို့ လျှောက်ထားလေ သည်။
“အရှင်မြတ်ဘုရား၊ ခမည်းတော်မင်းကြီး၏ ကျေးဇူးကို သိသော အားဖြင့် ကပိလဝတ်နေပြည် စံဋ္ဌာနီသို့  ပြန်လည်ကြွမြန်းရန် အခါသင့်ကြောင်းပါဘုရား။ ရှင်တော်မြတ်ဘုရား၊  ဆောင်းကုန်
နွေကူး တပေါင်းလထူး အခါတွင် သစ်ပင်တို့သည် ရွက်ဟောင်း ကျကြွေ ရွက်သစ်ဝေလျက် နီတွေးသော ရွက်နု၊ အဖူးအပွင့်တို့
နှင့် ပြည့်စုံကြကုန်၏။ ထို့ ပြင်၊ ရာသီမှာလည်း မချမ်းမပူလွန်း လှပါဘုရား။ ကောက်သိမ်းပြီးစ ဥတုမျှသဖြင့်အာဟာရခေါင်းပါး မှုမှလည်း ကင်းလှပါ၏ ဘုရား။ ထိုသို့ ထွန်းပြောင် ဝင်းလက်
သောအခါတွင် ပြိုးပြက်သော ရောင်ခြည်တော်ရှိတော်မူသော အရှင်မြတ်ဘုရားသည် ကပိလဝတ်နေပြည်တော်သို့  ကြွမြန်း
တော်မူရန် ကောင်းမြတ် လျောက်ပတ်သော အချိန်အခါ
ဖြစ်ပါ သည်ဘုရား။"
စသော ဂါထာများသီကုံးနှုန်းဖွဲ့ ကာ မြတ်စွာဘုရားအား အလေးအမြတ်
လျှောက်ထားလေသည်။

ယင်းလျှောက်ထားချက်ကြောင့် ဘုရားရှင်သည် ရဟန္တာပေါင်းနှစ်သောင်း
ခြံရံလျက် ဇာတိမြေသို့  ကြွချီတော်မူခဲ့သည်။ ထိုနေ့ကားမဟာသက္ကရာဇ် ၁ဝ၃ ခု၊ တပေါင်းလပြည့်ကျော် (၁) ရက်နေ့ ဖြစ်လေသည်။ ရာဇ ဂြိုဟ်မှ သည် ကပိလဝတ်ဆီသို့  ယူဇနာ ၆ဝ ကွာဝေးလေရာ တစ်ရက် တစ်ယူ ဇနာ နှုန်းဖြင့် ရက်ပေါင်း ၆ဝ ကြာ ဒေသစာရီကြွချီရသည် ဟု ဆိုပါသည်။

မြတ်စွာဘုရား ကပိလဝတ်ပြည်သို့  ပြန်လည်ကြွမြန်းတော်မူခြင်းသည် သာသနာ သမိုင်း အတွက် အကျိုး ဆက် များလှပေသည်။ ဗုဒ္ဓ ဟော ကြားသော "မဟာဓမ္မပါလဇာတ်တော်" ကို နာကြားခွင့်ရသဖြင့် ခမည်း
တော် သုဒ္ဓေါဒနမင်းကြီး အရိယာဘောင် ဝင်တော်မူလေသည်။ မိထွေး
တော်ဂေါတမီသည်လည်း သောတာပန် တည်ရုံမျှမက ဘိက္ခုနီသာသနာ ထူထောင်ခွင့်ရရှိခဲ့၏။ "စန္ဒကိန္နရီ ဇာတ်တော်ကြီး" သည်လည်း ယသော ဓရာကို အကြောင်းပြု၍ ဟောကြားဖြစ်ပေါ်ခဲ့ရ၏။ တစ်ဖန်၊ သားတော် ရာဟုလာ အမွေတောင်းမှုမှာ သာသနာ့အမွေအနှစ်ရှင်သာမဏေအဖြစ်
ရောက်ခဲ့ရ၏။ ဤသို့ ဖြင့်၊ ဆွေမျိုးအပေါင်းအား ဘုရားကြည်ညိုအောင် စွမ်းဆောင်နိုင်ခဲ့သော ကာဠုဒါယီမထေရ်သည်လည်း "ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့" ကို ချီးမြှင့် ခံခဲ့ရသည် စသည်အားဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေး အကျိုးဆက်များကား နွေမိန်တပေါင်း၏ အံ့ဘွယ်
ကောင်း မှု သာသနာပြုပွဲကြီး ဖြစ်ပေတော့သည်။

ထိုသည်ကို အကြောင်းပြု၍ တပေါင်းလပြည့်နေ့ကို "ပြည်တော်ပြန်နေ့" ဟု သတ်မှတ်ကာ ဗုဒ္ဓဘာသာဝင်တို့သည် အထိမ်းအမှတ် ကုသိုလ်ပွဲ များကို ယနေ့ထက်တိုင် ပြုလုပ်ဆင်နွှဲ ကျင်းပကြပေသည်။

Posted by ဉာဏ်ဦး

No comments:

Post a Comment