Sunday, March 4, 2012

ဗုဒ္ဓ၏ အဆင်းတော်မြတ် [၄]

 
အကြောင်းကုသိုလ်တော်_ အနှစ်သာရ မရှိသော စကားကို မည်သည့် 
အခါမျှ မပြောဆိုခဲ့ပေ။
အကျိုးရင်းလက္ခဏာတော်_(၃ဝ) ခြင်္သေ့မင်း၏ မေးအလား ကား၍ 
ကြီးသော မေး ရှိခြင်း။
အကျိုးဆက်_ မည်သည့်ရန်သူကမျှ နှိပ်စက်ဖျက်ဆီး၍ မရခြင်း။

အကြောင်းကုသိုလ်တော်_ ရှေးရှေးသော ဘဝများ၌ အရောင်း  
အဝယ် ပြုလုပ်ရာတွင် ချိန်ခွင် အလေးတင်းတောင်း အသပြာ ခိုးခြင်းမရှိခဲ့၊ လိမ်လည် လုယက် သတ်ဖြတ်၍လည်း အသက်
မွေးခြင်း မပြုလုပ်ခဲ့၊ အသက်မွေးမှု မှန်ကန်ခဲ့သည်။
အကျိုးရင်းလက္ခဏာတော်_(၃၁)သွားတော်များမှာအထဲသို့ လည်း 
ဝင်မနေ အပြင်သို့လည်း ခေါမနေဘဲ စိန်စီထားသည့်ပမာ ညီညာခြင်း။ (၃၂) သွားတော်လေးဆယ်နှင့် စွယ်တော်လေးဆူ သည် သွားဖုံး တော်ဝယ်အလွန်သန့်ရှင်းစင်ကြယ် ဖြူဖွေးလျက် တည်ရှိခြင်း။
အကျိုးဆက်_ ကိုယ်တော်တိုင် စင်ကြယ်ခြင်းနှင့်အတူ စင်ကြယ်သပ် 
ရပ် မြတ်သော ရဟန်းပရိသတ် အခြံအရံများရှိခြင်း။

ဒေဝဒဟတိုင်း၊ မိတ္ထီလာပြည်တွင် အသက် ၁၂ဝအရွယ်ရှိ ပုဏ္ဏားကြီး
ဗြဟ္မာယုသည် ဂုဏ်သတင်းအထူး ကျော်စောလှသော ဂေါတမဘုရား
ကို ဘုရားစစ် ဟုတ်မဟုတ် စိစစ်ခဲ့သည်။ သူတတ်ကျွမ်းသော ဝေဒ ကျမ်းအရ စကြဝတေးမင်းနှင့် ဘုရားတို့တွင်သာရှိသော မဟာပုရိသ
ယောက်ျားမြတ် လက္ခဏာတော် သုံးဆယ့်နှစ်ပါး ရှိမရှိ တပည့်ဖြစ်သူ ဥတ္တရလုလင်အား စေလွှတ်လေ့လာ ခိုင်းသည်။
ပြည့်စုံပါကြောင်း သိရှိ အပြီး ကြည်ညိုစွာဖြင့် ကိုယ်တိုင်သွားရောက် မျက်မြင်လေ့လာဖူးမျှော်
ပြန်သည်။ နောက်ဆုံး၌ ဗုဒ္ဓ၏ တရားတော်ကို နာကြားကာသောတာပန် ပင်တည်လေသည်။ မိစ္ဆာဒိဋ္ဌိ မှ သမ္မာဒိဋ္ဌိ ဘဝဖြင့် အချိန်သင့်၍ ကွယ် လွန်သော် ဗြဟ္မာပြည်ရောက်၏။

သာသနာပမှ ပုဏ္ဏားများသည် ဘုရားဖြစ်သူတွင် မဟာပုရိသယော
က်ျားမြတ် လက္ခဏာတော် သုံးဆယ့်နှစ်ပါးရှိသည်ဟုသာ သိကြ၏
ထို့ထက်ကားပို၍မသိကြ။ မည်သို့သော ကုသိုလ်ကံများကြောင့် ဤ လက္ခဏာတော်များ ဖြစ်ပေါ်ရကြောင်းကို ဝေနေယျအပေါင်း သိရန် အလို့ငှါ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် လက္ခဏ သုတ္တန်ကို ဟောကြား
တော် မူခဲ့သည်။

စင်စစ်ဗုဒ္ဓ၏ အဆင်းတော်မြတ်များသည် ကုသိုလ်သတ္တိများကြောင့်
ဖြစ်လာခဲ့ရသည်။ ရစေလိုကာ တမင်ပြုခြင်းကား မဟုတ်။ လှပါစေ
ကြောင်း ဆုလည်းတောင်းတော် မမူခဲ့ချေ။ အနှီ လက္ခဏာတော် သုံးဆယ့်နှစ်ပါး ရရှိရေးအတွက် သက်ဆိုင်ရာ ကုသိုလ်များကိုသာ
ပြုလုပ်ခဲ့ခြင်းလည်းမဟုတ်။ မြတ်စွာဘုရားသည် မိမိကိုယ်မိမိကောင်း
သည်ထက်ကောင်းစေရန် ပြုပြင်နေထိုင်ရင်း အမျိုးစုံလင်သည့် ကု သိုလ်များကို ပြုလုပ်တော်မူခဲ့၏။ ထို့ကြောင့် စုံလင်လှစွာသော အကျိုး များကို ရရှိခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်ရန် တည်းဟူသော ဆုထူးတစ်ခုတည်းကို
သာပန်ကြားခဲ့သည်။ အောင်မြင်သည်အထိလည်း ကျင့်ကြံအားထုတ်
တော်မူခဲ့သည်။ မြတ်ဘုရား လိုလားသည်မှာ သတ္တဝါအများအား ဒုက္ခ
ကို အဆုံးသတ်ကာ သံသရာ ပြတ်စေလိုခြင်းသာဖြစ်သည်။ အလှကြီး
လှလျက်ဖြစ်စေ၊ အကျည်း တန်လျက် ဖြစ်စေ မည်သို့ သော အသွင် မျိုးနှင့်မျှ ဘဝများဆက်ကာ သံသရာတွင် လည်နေခြင်းကို အားပေး
တော် မမူပေ။

သို့ ဖြစ်ရကား ယခုကပင် မကောင်းမှုရှောင် ကောင်းမှုဆောင်ကာ စိတ် ကို ဖြူအောင်ထားကြရင်း၊ သံသရာ ပြတ်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ကို မနှေးလျင်စွာ အားထုတ်ကြရန် အကြံပြု တိုက်တွန်း
လိုပါ သည်။

ကျမ်းကိုး
၁။ ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ဗုဒ္ဓ၏ လက္ခဏာတော် ၃၂ဖြာ တရားတော်- ၁၊ ၂၊ ၃၊ ၄၊ ၅။ ကျိုက္ကော်၊ ၁၃၅၇ ခုနှစ်။
၂။ နာယကာလင်္ကာရ၊ အရှင်။ ဘုရားရှင်တို့၏ လက္ခဏာတော် (၃၂) ပါး။ စာ၂-၃၇။ dhammaransi.net
၃။ ဒေဝသူရ (ဆိပ်ခွန်)။ "ဗုဒ္ဓလက်ထက်တော်က"_လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း၊ အတွဲ၁၄၊ အမှတ်၂၊
အောက်တိုဘာ၊၂ဝ၁ဝ။ စာ၂၈၈-၂၉၆။

Posted by အေးဆက်

No comments:

Post a Comment