Wednesday, February 25, 2015

ဓမ္မသုတ (၄၈)


သေမည့်ဘေးကြုံလျှင် အားကိုးရန်မှာ
ချစ်ကျွမ်းဝင်လေ၊ မျိုးမိတ်ဆွေ၊ ကျန်လေသုသာန်ဆီ။
ကိုယ့်ကိုယ်ကိုပင်၊ ကိုယ့်နောက်တွင်၊ အစဉ်မလိုက်ပြီ။
ထည့်လိုက်ပါလဲ၊ မပါဘဲ၊ မြေထဲကျန်ခဲ့သည်။
ထည့်လိုက်ပါလဲ၊ မပါဘဲ၊ မီးစွဲလောင်သွားသည်။
ကိုယ့်ကုသိုလ်မျိုး၊ ကိုယ်ထုပ်ပိုး၊ အားကိုးရမှာပါတကား။
ကိုယ်တိုင်ပြုထား၊ ကံတရား၊ ယူသွားရှာရသည်။
 

မသေသေးသူများနှလုံးသွင်းထား
ငါသည်မသေ၊ နေရပေ၍၊ စိန္တေထွတ်ထား၊ မြတ်ဘုရားနှင့်၊
တရားသံဃာ၊ ရတနာကို၊ မကွာနေ့ည၊ ဆည်းကပ်ရ၏။
ဒါနပေးလှူ၊ ဖြူစင်သီလ၊ ပွားထဘာဝနာ၊ ဤသုံးဖြာလည်း၊
ကိုယ့်ဟာအလုပ်၊ ကိုယ့်အထုပ်မို့၊ မဟုတ်သာဟ၊ ကြီးလုံ့လဖြင့်၊
နေ့ညမသွေ၊ ပြုရပေသည်၊ မသေကျိုးနပ်၊ အဖိုးမဖြတ်နိုင်အောင်၊
မြတ်လှပေစွ၊ မြတ်ပေစွတကား။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ သေခြင်းတရားကို အမှတ်ရခြင်းတရားတော်။
 

Posted by အေးဆက်

Monday, February 23, 2015

ဓမ္မပဒ ၇၉ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၎ - မဟာကပ္ပိနတ္ထေရဝတ္ထု

ဓမ္မပီတိ သုခံ သေတိ၊ ဝိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။
၇၉။ တရားတည်းဟူသော အမြိုက်ရေကို သောက်ရသူသည် အထူးသန့်ရှင်း
ကြည်လင်သော စိတ်ဖြင့် ချမ်းသာစွာနေရ၏၊ ပညာရှိသည် အခါခပ်သိမ်း 

အရိယာသူတော်ကောင်းတို့ ဟောအပ်သော(ဗောဓိပက္ခိယ)တရား၌
မွေ့လျော်၏။
 

Posted by ဉာဏ်ဦး

Saturday, February 21, 2015

ဘဝနေဟန် တရားမှန်(၂၄)


ဘာကြောင့် တရားအားမထုတ်နိုင်ရမလဲ?
ငယ်ရွယ်နုပျို ခြင်းသည် နွေမှာပွင့်သော ပန်းနှယ် ရုတ်တရက် နွမ်းရော် သွားနိုင်သည်။
အိုမင်းခြင်းကား မီးစွဲသော လယ်ကွင်းများပမာ   ချက်ချင်း ပျံ့နှံ့လောင် ကျွမ်းသွားပေမည်။
လေးခွထိ၍ အနာတရဖြစ်ရသည့် ငှက်ငယ်အသွင် ဘယ်အချိန်တွင် အားအင်ဆုတ်ယုတ်ကာ နာမကျန်းဖြစ်မည်ကို မသိနိုင်ကြ။ ကျန်းမာ သန်စွမ်းခိုက်တွင် နာဖျားမှုကို လုံးဝမစဉ်းစားတတ်ကြပေ။ သို့သော် နာမကျန်းခြင်းသည် မိုးကြိုးပစ်သကဲ့သို့ လျင်စွာအင်နှင့်အားနှင့်
ရောက်လာမည်ဖြစ်သည်။
သေခြင်းတရားသည် နောက်ဆုံးမီးတောက်ပြီးလျှင် ကွယ်ပျောက်
ရသည့် ဆီခန်းသော မီးအိမ်နှင့်တူသည်။ နေဝင်ချိန်ရှိ သစ်ပင်၏ အရိပ်ကဲ့သို့ မည်သည်ကမျှ ဟန့်တား၍ မရ အောင် မြန်ဆန်စွာ 

ပျောက်ကွယ်သေဆုံးရမည်လည်းဖြစ်သည်။
မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့သည် ခုလာခုပျောက်ဖြစ်သည်။ 
နေထွက်ခြင်း၊ နေဝင်ခြင်းတို့နှင့် အလားသဏ္ဍာန်တူကြောင်း  
မြတ်ဗုဒ္ဓုက မိန့်ကြားခဲ့ဖူးသည်။
ဤကမ္ဘာတွင်မည်သည့်အရာကိုမျှ  မြဲသည်ဟူ၍  အာမ မခံနိုင်ချေ။
အို နာ သေခြင်းတို့သည် ပါးစပ်နှင့် လက်တို့ကဲ့သို့ အချင်းချင်း အမြဲ
တမ်း ဆုံတွေ့လျက်ရှိသည်။ သေချိန်တန်သော် တရားဓမ္မမှအပ ကူညီနိုင်သူ မရှိပေ။
ဓမ္မသည် အောင်နိုင်ခြင်း၏ အကောင်းဆုံး အရင်းအမြစ်ဖြစ်သည့်တိုင် အားကိုးအားထားပြုသူ ရှားပါးလှပါ၏။
ဤသည်များကို မှတ်သားရသည်ရှိသော် အဘယ်ကြောင့် တရားအား မထုတ်ဘဲ နေနိုင်ပါမည်နည်း။
စာကိုးDhammananda, K. Sri. Why Worry? 2001.
 

Posted by အေးဆက်

Friday, February 20, 2015

ဓမ္မပဒ ၇၈ [ခုဒ္ဒကနိကာယ်]

၆- ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၃ - ဆန္နတ္ထေရဝတ္ထု

န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။
၇၈။ ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ၊ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ၊ မိတ်ဆွေကောင်းတို့ကို ဆည်းကပ်ရာ၏၊ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။
 

Posted by ဉာဏ်ဦး

Monday, February 16, 2015

ဓမ္မသာကစ္ဆာ (၃၁)


စံတင်ရသော ဓမ္မအမြင်များ 

ကောသလတိုင်း၊ သာဝတ္ထိပြည်အနီး၊ ဇေတဝန်ကျောင်းနှင့် ဆက်စပ်
နေသော တောကြီးတစ်တောရှိသည်။ ထိုတောကြီးထဲတွင် ဘိက္ခုနီ ရဟန္တာ အရှင်မသုံးဦး တရားအားထုတ်လျက်နေသည်။ ဆာလာ၊ ဥပဆာလာနှင့် သီသူပဆာလာ အမည်အသီးသီးရှိကြသည့် အရှင်သာရိပုတ္တရာ၏ နှမတော်
များပင်ဖြစ်ကြသည်။ နှောက်ယှက်လိုသော စိတ်ဖြင့် မာရ်နတ်သည် အခြား ပုဂ္ဂိုလ်ဟန်ဆောင်ကာ ဘိက္ခုနီမတစ်ဦးချင်းအား မေးခွန်းများလိုက်လံ
မေးမြန်းသည်။ 

မာရ်နတ်
အသင် မနှစ်သက်တာဘာလဲ။ 
ဆာလာ
ပဋိသန္ဓေနေရခြင်းဆိုတဲ့ ဇာတိတရားကို မနှစ်သက်ပါ။
မာရ်နတ်
ဇာတိတရားကို ဘာကြောင့် မနှစ်သက်ရတာလဲ။ မွေးဖွားပြီး လူရယ်လို့ဖြစ်လာမှ ကာမဂုဏ် ချမ်းသာကို ခံစားနိုင်တော့ မှာပေါ့။ မမွေးဖွားခဲ့ရင် ဘယ်လာခံစားနိုင်မှာတုံး။ ဘယ်လို လူမိုက်က သင့်ကို ဒီအယူ ခံယူစေခဲ့တာလဲ။
ဆာလာ
လောကမှာ မွေးဖွားလာတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မသေရဘူးဆိုတာ မရှိ၊ သေရမှာဖြစ်တယ်။ ဇာတိ တရားရဲ့နောက်ဆုံးလမ်းက မရဏပဲ။ ဒါတွင်မဟုတ်သေးဘူး၊ မသေခင် အိုရ နာရ၊ တချို့ဆို ဖမ်းဆီးချုပ်နှောင် ခံရ၊ ညှဉ်းဆဲသတ်ဖြတ်ခံရနဲ့ ခံလိုက်ရတဲ့ ဆင်းရဲဒုက္ခ၊ မွေးဖွားလာလို့ ဖြစ်ရတဲ့ ဆင်းရဲဒုက္ခတွေ များလှပါ့။ ဒါကြောင့်၊ ဇာတိ တရားကို မကြိုက်တာဖြစ်တယ်။ သစ္စာလေး ပါးကို သိမြင်တဲ့ မြတ်စွာဘုရားဟာ ဇာတိ မှ လွတ်မြောက်
ကြောင်းနည်းလမ်းဖြစ်တဲ့
ဓမ္မကို ဟောကြားခဲ့တယ်။ ဆင်းရဲ ဒုက္ခအားလုံးကို ဖယ်ရှားနိုင်ဖို့ အမှန်လမ်းပေါ်ကို တင်ပေးခဲ့ တယ်။
သက်တမ်း အလွန်ရှည်ကြာတဲ့ ရူပ၊ အရူပဘုံက ဗြဟ္မာတွေ
တောင်မှ သစ္စာမသိရင် ဘဝသစ်ကို ရောက်ကြရဦးမှာပဲ။


မာရ်နတ်သည် လက်လျှော့ကာ ဒုတိယ ဘိက္ခုနီဥပဆာလာထံ သွား
လေသည်။
မာရ်နတ်

အသင် ဘယ်ဘုံဘဝမှာ ဖြစ်ချင်သလဲ။
ဥပဆာလာ
ဘယ်ဘုံဘဝမှာမှ မဖြစ်ချင်ပါ။
မာရ်နတ်
နတ်ပြည်ခြောက်ထပ်ကို တောင့်တလိုက်ပါ။ အဲဒီ နတ်ပြည်
တွေမှာ ကာမချမ်းသာ အပြည့်အဝ ရှိပါတယ်။

ဥပဆာလာ
ထိုနတ်အပေါင်းတို့ဟာ ကာမဂုဏ်နှောင်ကြိုးတွေနဲ့ နှောင်ဖွဲ့ 
ခံထားရလို့ အလိုဆန္ဒနောက်ကို လိုက်နေရတဲ့အတွက် အဲဒီ
နေရာကကို မခွါနိုင်ကြပါဘူး။ ဒါကြောင့် လွတ်လပ်တဲ့သူတွေ မဟုတ်ကြပါ။ ဓမ္မအမြင်နဲ့ ကြည့်ရင် လောကကြီး တစ်ခုလုံးဟာ ကိလေသာမီးတွေ အလျှံတပြောင်ပြောင်နဲ့ ပူလောင်နေပါ
တယ်။
တဏှာ၊ ဒိဋ္ဌိတို့နဲ့ တုန်လှုပ်နေပါတယ်။ ဘယ်လောကမှ ချမ်းသာ တာမရှိ၊ ဖြစ်ရာဘဝမှာ လောင်နေ၊ တုန်လှုပ်နေ
ကြ
တာ ချည်း ပါ။ ကိလေသာမီး တောက်လောင်ခြင်းမရှိတဲ့၊ ပုထုဇဉ်တို့ မမှီဝဲ
နိုင်တဲ့၊ မာရ်နတ်လည်း လာမနှောက်ယှက်နိုင်တဲ့၊ အမြဲပျော် ပိုက်နှစ်ခြိုက် စရာ အေးမြတဲ့ အရပ်ဆိုတာရှိပါတယ်။ အဲဒါ နိဗ္ဗာန်ပါပဲ။

မာရ်နတ်လည်း မဟန်မှန်းသိသည်နှင့် ဘိက္ခုနီသီသူပဆာလာထံ သွားပြန်၏။
မာရ်နတ်

အသင် ဘယ်အယူဝါဒကို နှစ်သက်သလဲ။
သီသူပဆာလာ
ဗုဒ္ဓသာသနာတော်ရဲ့ အပမှာ မိစ္ဆာအယူဝါဒဆိုတာ ထင်ရှားရှိ တယ်။ လက္ခံကျင့်သုံးသူ တွေဟာ ဒီအယူဝါဒမှာ စွဲလန်းနစ်မြုပ်
နေကြတယ်။ အမှန်တရားနဲ့ ပတ်သက်ပြီး ကျွမ်းကျင်လိမ္မာမှု မရှိကြလို့ပဲ။ ဒီမိစ္ဆာအယူဝါဒကို ငါမနှစ်သက်ပါ။ 
မာရ်နတ်
သင်နှစ်သက်ရာကို ပြောပါ။ ဝတ်ဆင်ထားတာကို ကြည့်ရတာ ကိလေသာ ငြိမ်းအောင် ကျင့်ကြံနေသူလို့တော့ ထင်ရပါရဲ့။ သင့်ဆံကေသာ ရိတ်ပယ်လာခဲ့တာ ဘယ်ဆရာကို ဦးတည်ပြီး လာခဲ့တာလဲ။
သီသူပဆာလာ
သာကီဝင်မင်းမျိုးမှ မွေးဖွားလာပြီး၊ ပြိုင်ဖက်မရှိ၊ အရာရာကို လွှမ်းမိုးနိုင်သလို၊ ကိလေသာ မျိုးစုံကို ပယ်ရာမှာ ဘယ်တော့မှ အရှုံးမပေးတဲ့အတွက် ကိလေသာအလုံးစုံကိုပယ်နိုင်တဲ့ မြတ် စွာဘုရား လောကမှာ ထင်ရှားရှိပါတယ်။
ကိလေသာတို့ မှ လွတ်မြောက်ကာ၊ တဏှာ၊ ဒိဋ္ဌိ စွဲငြိခြင်းမရှိတဲ့ ဘုရားရှင်ဟာ၊ တရားအကုန် သိတော်မူသူဖြစ်တယ်။ ကံမရှိတဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်၌ လွတ်မြောက်ပြီးဖြစ်တဲ့ ဘုန်းတော် ကြီးမြတ်သော ဘုရားရှင်ဟာ ငါ့ရဲ့ ဆရာပါပဲ။ ဒီဆရာကို ရည်စူး
ပြီး ငါ့ရဲ့ဆံကေသာကို ရိတ်ပယ်ကာ ဘိက္ခုနီ ဝတ်ခဲ့တယ်။
ဘိက္ခုနီ ရဟန္တာရှင်မ သုံးဦး၏ စံတင်ရသော ဓမ္မအမြင်များကြောင့် မာရ်နတ်သည် စိတ်ပျက်ဝမ်းနည်းစွာ ထွက်ခွါသွားတော့သည်။
စာကိုး။ နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ။ အရှင်သာရိပုတ္တရာ
၏ နှမတော်များ၏ ဓမ္မအမြင်များ တရားတော်။


Posted by အေးဆက်

Monday, February 2, 2015

ထေရဝါဒ ဟောဓမ္မ (၄၁)


ဉာဏိဿ       ရ၊ ဒေါက်တာအရှင် (သီတဂူဆရာတော်)။ သင်ကြားခြင်းနှင့် သင်ယူခြင်း။ မန္တလေး၊ ၁၃၇၀။
အာရှတိုက်သည် ဘာသာရေး ထွန်းကားရာအရပ် ဖြစ်ပုံ၊ ရှိခိုး ထိုက်သူ၊ ဆရာနှင့် တပည့်တို့၏ အရည်အချင်း၊ သင်ကြားခြင်း
နှင့် သင်ယူခြင်း ညီမျှ မှု ၊ ပညာရှိဖြစ်ရန်နည်းလမ်း စသည်တို့ ကို ဖေါ်ပြဟောကြားထား သည်။ http://goo.gl/FGVxrh

နန္ဒမာလာဘိဝံသ၊ ဒေါက်တာ ဘဒ္ဒန္တ (ပါ-ချုပ်)။ စိတ်၏ အညစ်အကြေး များ။ ရန်ကုန်၊ ၁၃၇၀။
သဘာဝစိတ်၊ စိတ်၏ အညစ်အကြေး တစ်ဆယ့်လေးခု၊ စိတ်ကို စင်ကြယ်စေခြင်း စသည်တို့ကို ဖေါ်ပြ ဟောကြားထားသည်။ http://goo.gl/OoYvGH
သုမင်္ဂလ၊ ဦး (ဒယ်အိုးဆရာတော်)။ သစ္စာမိုး (၁)။ ကသာ၊ ၂ဝဝ၆။
ဘုရားအလောင်းတော်သည် ဘုရားအဖြစ်ကို ရရှိရန် အဘယ်  
ကြောင့် ဒါနပါရမီမှ အစပြု ကြောင်း၊ ဒါနသည် နိဗ္ဗာန်ရောက်
စေသော အကြောင်း တစ်ခုဖြစ်ပုံ၊ စစ်မှန်သော ဒါနဟူသည်၊ စစ်မှန်သော ဒါနကို သိရှိကျင့်ကြံ အားထုတ်ကြရန် အကြံ ပြု ချက်စသည်တို့ ပါရှိ၏။

http://goo.gl/7bh1wd
Posted by ဉာဏ်ဦး၊ အေးဆက်