Showing posts with label ပြေးကြပါစို့. Show all posts
Showing posts with label ပြေးကြပါစို့. Show all posts

Saturday, January 10, 2015

ဓမ္မသာကစ္ဆာ (၃ဝ)


ပြေးကြပါစို့
 

တစ်နေ့သောအခါတွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်
ကျောင်း၌ စံနေတော်မူသည်။ ထိုစဉ် မြင်းရိုင်းကို မြင်းယဉ်ဖြစ်စေရန် သွန်သင်ဆုံးမတတ်သည့် ကေသိ အမည်ရှိ မြင်းဆရာ ရောက်ရှိ လာ သည်။ မြတ်စွာဘုရားက တရားနာပရိသတ်များ ရှေ့မှောက်၌ မြင်းဆုံးမ
နည်းကို မေးမြန်းတော်မူ၏။

ဘုရား

မြင်းရိုင်းများကို ယဉ်ပါးအောင် သင်ဆုံးမပုံကို ပြောပြစမ်းပါ အမောင်ကေသိ။
ကေသိ
ပထမ အနုနည်းနဲ့ ဆုံးမပါတယ်။ မရရင် အကြမ်းနည်း သုံးပါ တယ်။ ဒါမှ မရသေးရင် အနုနဲ့ အကြမ်း နှစ်မျိုးရောတဲ့ နည်းနဲ့  ဆုံးမပါတယ်။
ဘုရား
အဲဒီလို ဆုံးမလိုက်ရင် မြင်းတွေအားလုံး ရိုင်းစိုင်းရာက ယဉ်ပါးသွားကုန်ရောလား။
ကေသိ
တတိယ နည်းနဲ့မှ ဆုံးမလို့မရခဲ့ရင် သတ်ပစ်လိုက်ပါ
တယ်ဘုရား။ တပည့်တော် မြင်းဆုံးမနည်းကတော့
ဒီလေးမျိုးပါပဲ။ အရှင်ဘုရားရဲ့ တပည့်များကို ဘယ်လို
နည်းတွေသုံးပြီး ဆုံးမတော်မူပါသလဲဘုရား။
ဘုရား
ငါဘုရားလည်း သင့်လိုပါပဲ။ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းရောနည်းနဲ့ နောက်ဆုံး သတ်ပစ်တဲ့နည်းကို
သုံးပြီး တပည့်တွေကို ဆုံးမပေတယ်။
ကေသိ
လူသတ်တာဟာ ရဟန်းနဲ့ မလျော်ကန်ပါ။ ဘယ်လိုများ သတ်တာပါလဲဘုရား။
ဘုရား
ဆုံးမလို့မရတဲ့ သူကို ဆုံးမထိုက်တဲ့ သူအဖြစ်က ပယ်လိုက် တယ်။ လူ့ဘဝမှာ အဆုံးအမကွယ်ရင် သေတာနဲ့ အတူတူပဲ မဟုတ်လား။ ဒီတော့၊ ဆုံးမလို့ မရတဲ့ သူကို မဆုံးမဘဲ နေ လိုက်တာဟာ သူ့ကို သတ်ပစ်လိုက်တာပဲပေါ့။
ကေသိ
သဘောပေါက်ပါပြီဘုရား။
ဘုရား
ကြာပွတ်သံကြားတာနဲ့ အသားအနာမခံဘဲ ပြေးတဲ့ အင်မတန် ပါးနပ်တဲ့မြင်း၊ အရေပြားကို ကြာပွတ်နဲ့ ပွတ်ပေးလိုက်ရုံနဲ့ ပြေး
တဲ့မြင်း၊ ရိုက်မှပြေးတဲ့မြင်းနဲ့ သံချွန်လေးနဲ့ အရေစုတ်အောင်
ရိုက်မှ ပြေးတဲ့မြင်း ရယ်လို့ လောကမှာ အာဇာနည်မြင်း
လေးမျိုးရှိတယ်။ ဒါကိုသင်သိမှာပါ။
ကေသိ
သိကြောင်းပါဘုရား။
ဘုရား
ငါ့တပည့်တွေထဲမှာလည်း ရေကြီး၊ မီးလောင် စတဲ့ ဘေးတွေ
ကြောင့် သေကျေဒုက္ခ ရောက်တယ်လို့ကြားတဲ့အခါ မိမိနဲ့ 
ပတ်သက်သူ မဟုတ်ပေမယ့် ငါလည်းပဲ သူတို့လို သေနိုင်
တယ်။ အသေမဦးခင် ဉာဏ်ဦးမှပဲလို့ အသံကြားရုံနဲ့ ငါးပါးအာရုံ ကာမဂုဏ် လွတ်အောင် အားထုတ်တဲ့သူ၊ မိမိနဲ့နီးစပ်ရာလူ
ဒီလိုဖြစ်ရင် ငါလည်း အချိန်မရွေး သေနိုင်တယ်လို့ သံဝေဂ
ရပြီး အားထုတ်သူ၊ မိမိရဲ့ မိဘဆွေမျိုးသားချင်းများ ဒီလို အဖြစ်မျိုး ကြုံတွေ့မှ ငါလည်းတစ်နေ့သေမှာ၊ သေမျိုးတွေပါပဲလို့ သံဝေဂရ အားထုတ် သူနဲ့ မိမိကိုယ်တိုင် အိပ်ရာထဲလဲကာမှ သံဝေဂရပြီး အားထုတ်သူရယ်လို့ရှိကြတယ်။ မမေ့မလျော့တဲ့ သူသာ မသေ
ရာနိဗ္ဗာန်ကို ရောက်မယ်။ မေ့လျော့ပေါ့ဆသူဟာ သေသူနဲ့ 
မခြားနားဘူး။ အိုရာက နာရာကို မရောက်ခင် ဉာဏ်နဲ့ပြေးမှ
ဖြစ်ကြတော့မယ်။ မြင်းဆရာကေသိ၊ သင်ဘယ်တော့ပြေးမှာ လဲ။
ကေသိ
မှန်လှပါ၊ မဆိုင်းမတွ အခုပင် ပြေးမှာဖြစ်တာကြောင့်
တပည့်တော်ကို ရဟန်းဝတ်ခွင့် ပြုတော်မူပါဘုရား။
ဘုရား
သာဓု သာဓု သာဓု။
စာကိုး။ သုမင်္ဂလ၊ ဦး (ဒယ်အိုးဆရာတော်)။ ပြေးစို့ တရားတော်။

Posted by အေးဆက်