Saturday, October 25, 2014

ဓမ္မသုတ (၄၄)


အကုသိုလ်ပယ်ပုံသုံးမျိုး
 

ကိုယ်နှင့်နှုတ်မှာ၊ ဖြစ်ပေါ်လာငြား၊ အကုများ၊ ပယ်ရှားမြတ်သီလာ။
စိတ်အစဉ်မှာ၊ ဖြစ်ပေါ်လာငြား၊ အကုများ၊ ပယ်ရှားမြတ်သမာ။
ဘဝစဉ်ဆက်၊ ကိန်းလျက်ပါငြား၊ အကုများ၊ ပယ်ရှားမြတ်ပညာ။
အမြစ်မပယ်၊ အကိုင်းပယ်၊ ပြန်လည်ရှင်သန်သည်။
အနုသယမပယ်၊ ဒုက္ခနယ်၊ ပြန်လည်ဖြစ်ရသည်။
အနုသယကိုပယ်၊ ဒုက္ခနယ်၊ တကယ်လွတ်ကြသည်။
အနုသယပယ်ရန်၊ သတိပဋ္ဌာန်၊ အမှန်ပွါးရမည်။
(အရှင်ကုဏ္ဍလာဘိဝံသ၏ တရားဆောင်ပုဒ်များ)

အကုသိုလ်လေးမျိုးပယ်ပုံ

လောဘဝင်လာ၊ အသုဘာ၊ ပွါးကာပယ်ရမည်။
ဒေါသဝင်လာ၊ မြတ်မေတ္တာ၊ ပွါးကာပယ်ရမည်။
မောဟဝင်လာ၊ မြတ်ဗုဒ္ဓါ၊ ပွါးကာပယ်ရမည်။
မာနဝင်လာ၊ မရဏာ၊ ပွါးကာပယ်ရမည်။
(အရှင်ကုဏ္ဍလာဘိဝံသ၏ တရားဆောင်ပုဒ်များ)
 

Posted by အေးဆက်

Thursday, October 23, 2014

ဓမ္မပဒ ၇ဝ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၁၁ - ဇမ္ဗုကတ္ထေရဝတ္ထု

မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။
၇ဝ။ မိုက်သောသူသည် လစဉ်လတိုင်း သမန်းမြက်ဖျားဖြင့် (အနှစ်တစ်ရာ ပတ်လုံး ခြိုးခြံသော အကျင့်ကိုကျင့်အံ့ဟု) ဘောဇဉ်ကို စားစေကာမူ ထိုမိုက် သူ၏ အကျင့်သည် တရားသိပြီးသော အရိယာပုဂ္ဂိုလ်တို့၏ ခြိုးခြံသော အကျင့်ကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ  အဖိုးမထိုက်။

Posted by ဉာဏ်ဦး

Monday, October 20, 2014

ဓမ္မပဒ ၆၉ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၁၀ - ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု
မဓုံဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ဒုက္ခံ နိဂစ္ဆတိ။
၆၉။ မိုက်သောသူသည် အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုရွေ့ကလောက် မကောင်းမှုကို ပျားသကာ ကဲ့သို့ မှတ်ထင်၏။ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏။ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။

Posted by ဉာဏ်ဦး

Tuesday, October 14, 2014

ဘဝနေဟန် တရားမှန် (၂ဝ)


ဆိတ်ဆိတ်နေခြင်း 
စကားများခြင်းသည် အန္တရာယ်၏ အရင်းအမြစ်ဖြစ်သည်။
ဆိတ်ဆိတ်နေခြင်းဖြင့် ကံဆိုးမှုများကို ရှောင်ရှားနိုင်၏။
စကားများသော ကြက်တူရွေးသည် လှောင်အိမ်တွင်း ပိတ်လှောင်ခံရသည်။
စကားမပြောတတ်သော ငှက်များကား လွတ်လပ်စွာ ပျံသန်းသွားလာ
နိုင်ကြ၏။
(တိဘက် ယောဂီ)

Posted by အေးဆက်

Sunday, October 5, 2014

ဓမ္မသာကစ္ဆာ (၂၇)


နိဗ္ဗာန်
မိလိန္ဒမင်းကြီးသည် နိဗ္ဗာန် ထင်ရှားရှိမရှိ မေးမြန်းလေရာ အရှင်နာဂသိန်မထေရ်သည် ရှင်းလင်းဖြေကြား တော်မူ၏။
မထေရ်

မင်းကြီး၊ ကောင်းကင်နှင့် နိဗ္ဗာန်သည် ထင်ရှားရှိ၏။ သို့ သော် တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ မဖြစ်။
မင်းကြီး
ဒီလိုဆို အရှင်ဘုရားသည် မရှိသော တရားကို နိဗ္ဗာန်ဟု ညွှန်ပြမိလေပြီ။
မထေရ်
မင်းကြီး၊ နိဗ္ဗာန်သည် ရှိ၏။ မနောဝိညာဏ်ဖြင့် သိအပ်၏။ စင်ကြယ်မွန်မြတ်သော၊ အနှောင့်အယှက် အပိတ်အပင် ကင်းသော၊ ကာမဂုဏ် အာမိသကင်းသော စိတ်ဖြင့်
ကောင်းစွာကျင့်သော အရိယာတို့သည် နိဗ္ဗာန်ကို သိနိုင်
မြင်နိုင်၏။

မင်းကြီး
အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရားမဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ၊ နိဗ္ဗာန်သည် အဘယ်သို့နည်း။
မထေရ်
မင်းကြီး၊ လေဆိုသော အရာသည် ရှိသည်မဟုတ်လော။
မင်းကြီး
ရှိပါသည်အရှင်။
မထေရ်
လေသည် အဆင်းပုံသဏ္ဍာန် အကြီးအသေး အရှည်အတို အဘယ်သို့ ရှိပါသနည်း။
မင်းကြီး
လေကိုညွှန်ပြရန် မဖြစ်နိုင်ပါ။
မထေရ်
သို့ဆိုလျှင် လေမရှိသလော၊ လေသည် မရှိတရားလော။
မင်းကြီး
လေသည် ရှိပါ၏။ လေကို ညွှန်ပြရန် မစွမ်းနိုင်ပါ။ သို့ သော်
လေရှိသည်ကို နှလုံးသား၌ သိနေပါသည်။ နှာသီးဝ၌ တိုးနေ
ပါသည်။ တိုးသော လက္ခဏာအားဖြင့် ထင်ရှားရှိကြောင်း
သိနိုင်ပါသည်။
မထေရ်
မင်းကြီး၊ နိဗ္ဗာန်သည်လည်း ဤသို့ပင်ဖြစ်၏။ ငြိမ်းချမ်းမှု ရရှိသည့် လက္ခဏာအားဖြင့် ထင်ရှားရှိကြောင်း သိနိုင် ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့်လည်းကောင်း၊ ပုံသဏ္ဍာန်အားဖြင့်လည်းကောင်း ညွှန်ပြ၍ မဖြစ်နိုင်ပါ။
မင်းကြီး
လက်ခံပါပြီ အရှင်ဘုရား။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန်သည် တည်ရာအရပ် ရှိပါသလော။
မထေရ်
မင်းကြီး၊ နိဗ္ဗာန်သည် တည်ရာအရပ်မရှိပါ။
မင်းကြီး
နိဗ္ဗာန်သည် တည်ရာအရပ်မရှိငြားအံ့၊ နိဗ္ဗာန်သည် မရှိနိုင်။ နိဗ္ဗာန်ကို မည်ကဲ့သို့ မျက်မှောက်ပြု နိုင်အံ့နည်း။
မထေရ်
မင်းကြီး၊ နိဗ္ဗာန်သည် အမြဲစွဲတည်နေသည့် နေရာအရပ် မရှိ
သော်လည်း နိဗ္ဗာန်သည် ရှိ၏။ ကောင်းစွာ ကျင့်သော နှလုံး
သွင်းမှုဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်၏။ ဥပမာ- မီးသည် ထင်ရှားရှိ၏။ ထိုမီး၏ အမြဲအစွဲ တည်နေရာအရပ်သည် မရှိသလိုဖြစ်၏။ ကျောက်ခဲနှစ်လုံး ခတ်မှ ဝါးနှစ်လုံးပွတ်မှ မီးရသလိုဖြစ်၏။

စကြာမင်းတို့ ရအပ်သော စကြာရတနာ၊ မိဖုရားရတနာ၊ သူကြွယ်ရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ အစရှိသော
ရတနာ (၇) ပါးတို့သည်လည်း တည်ရာအရပ် မရှိပါပေ။ မင်းကျင့်တရား
ကောင်းမွန်သူတို့ထံ ကပ်ရောက်လာကြ
ကုန်၏။ ထို့အတူ နိဗ္ဗာန်သည် သင့်လျော်သော နှလုံး
သွင်းမှုဖြင့် အားထုတ်ကျင့်ကြံသူတို့သာ နိဗ္ဗာန်ကို မျက်
မှောက်ပြုနိုင် ကြကုန်၏။

မင်းကြီး
လက်ခံပါပြီ အရှင်ဘုရား။
စာကိုး။  ဇဝန၊ အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ (တွဲ၃+၄)။ ၂ဝဝ၇။
 

Posted by အေးဆက်

Thursday, October 2, 2014

ထေရဝါဒ ဟောဓမ္မ (၃၇)


ကုမာရ၊ ဒေါက်တာအရှင် (ဓမ္မဓရ)။ ဗောဓိသတ္တဘုရားလောင်း (၁)(၂)။ စင်ကာပူ၊ ဝ၁ ဇူလိုင် ၂ဝ၁၄။
ဘာသာရေးနှစ်မျိုး (နက်နဲသော၊ အပေါ်ယံကြော)၊ တရားနာ
ခြင်း အကျိုးငါးမျိုး၊ တရားအားထုတ်ရန် ပြင်ဆင်ခြင်းနှင့် သင့်လျော်သော နေရာများ၊ ဘုရားလောင်းတို့၏ အင်္ဂါရှစ်ရပ်၊ ပါရမီ ဆယ်ပါး၊ စွန့်ခြင်း ကြီးငါးပါးနှင့် ကြည့်ခြင်းကြီးငါးပါးတို့ကို ရှင်းလင်းဟောကြားထားသည်။ (01) http://goo.gl/VYKaUi; (02) http://goo.gl/3vD0ly
စန္ဒာဝရာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ။ အပြောခန္ဓာနှင့် သဘောခန္ဓာ တရားတော်။ စင်ကာပူ၊ ၁၃ ဩဂုတ် ၂ဝ၁၄။
အပြောခန္ဓာ နှင့် သဘောခန္ဓာတို့ကို  ထင်ရှားပေါ်လွင်စေ
အောင် ရှင်းလင်းဟောကြားခြင်းနှင့်အတူ ဝိပဿ       နာရှုပွား ရာတွင် ဆောင်ရန်
နှင့် ရှောင်ရန်တို့ကိုလည်း ဖေါ်ပြထား
သည်။ http://goo.gl/K1nEfo
ဝိသုဒ္ဓ၊ အရှင် (ညောင်ကန်အေး)။ အပြစ်ကင်းပျောက် ချမ်းသာရောက် ဖို့  တရားတော်။ စင်ကာပူ၊ ၁၄ စက်တင်ဘာ ၂ဝ၁၄။
ဤတရားကို ဟောကြားရခြင်း၏ရည်ရွယ်ချက်၊ ဗုဒ္ဓဘာသာဝင် တို့ ဖွင့်ဆိုသော အပြစ်ဟူသည်၊ အပြစ်ဒုစရိုက်ကို သိခြင်း နှင့် မသိခြင်းတို့၏ ကွာခြားချက်၊ အပြစ်ကင်းရန် အင်္ဂါသုံးပါး (စိတ်ကောင်း၊ မိတ်ကောင်းနှင့် ကောင်းစွာတရားနာယူခြင်း)၊ ပညာနှင့် သတိတို့ အရေးကြီးပုံ၊ သမ္ပဇည လေးပါး စသည်တို့ ပါရှိသည်။ http://goo.gl/zLdaE5
 Posted by ဉာဏ်ဦး၊ အေးဆက်