Tuesday, March 12, 2013

ဘဝနေဟန် တရားမှန် (၂)


ကျရှုံးခြင်း၏ လက်သည်_ပျင်းရိခြင်း
 

လူသားတိုင်းလိုလိုတွင် ဖွင့်ဟမပြောသော်လည်း ဖြစ်လိုသောဆန္ဒ ရည်မှန်းချက်အချို့ရင်တွင်း၌ ကိုယ်စီကိန်းအောင်း နေတတ်ကြသည်။

# လက်မှု၊ နှုတ်မှုအတတ်ပညာ တစ်စုံတစ်ရာ တတ်မြောက်သော
   ပညာတတ်ဖြစ်လိုခြင်း၊
# စည်းစိမ်ဥစ္စာပြည့်စုံလိုခြင်း၊
# မိတ်ကောင်းဆွေကောင်းနှင့် ခြေရံသင်းပင်း များလိုခြင်း၊
# ချမ်းသာသုခ ရှိလိုခြင်း၊
# အမျိုးဘာသာရေးတွင် လက်မနှေးသော ကုသိုလ်ရှင်ဖြစ်လိုခြင်း၊
# အို နာ သေ လွတ်ကင်းရာ နိဗ္ဗာန်ကို ရလိုခြင်း စသည်တို့ ပင်တည်း။

အနှီဖြစ်လိုမှုများ မပြည့်ဝဘဲ ကျရှုံးရခြင်း၏ လက်သည်ကို စိစစ်ရန်ကား ဂရုမထားမိသူက များသည်။ ကံကိုသာ ရိုးမယ်ဖွဲ့ တတ်ကြသည်။ စင်စစ် မိမိ၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းလိုပါလျှင် "မပျင်းရိရေး" သည် အဓိကဖြစ်သည်။

# ပျင်းရိခြင်းကြောင့် လက်မှု နှုတ်မှု အတတ်ပညာ တစ်စုံတစ်ခု
    မျှမတတ်မြောက်နိုင်။
# ပညာမတတ်သဖြင့် စည်းစိမ်ဥစ္စာချမ်းသာဖို့ရန် မလွယ်ကူ။
# စီးပွါးဥစ္စာ မပြည့်စုံပါလျှင် မိတ်ကောင်းဆွေကောင်းနှင့်
    ခြွေရံသင်းပင်း ပေါများရန် မျှော်မှန်း၍ မရ။
# မိတ်ကောင်းဆွေကောင်းနှင့် အပေါင်းအသင်းများ မရှိသော
    ကြောင့်လည်း ချမ်းသာသုခ မရရှိနိုင်။
# ချမ်းသာသုခ မရှိပြန်သော် ကောင်းမှုကုသိုလ် မပြုနိုင်။
# ကောင်းမှုကုသိုလ် မပြုနိုင်သည့်အလျောက် မဂ် ဖိုလ် နိဗ္ဗာန် 

    ရရှိရေးကား ဝေးလေစွ။

"ပျင်းရိခြင်း" သည် သူခိုး၊ ဓါးပြများနှင့် တောရိုင်းတိရစ္ဆာန်များထက်ပင်
ကြောက်မက်ဖွယ်ကောင်းသည်။ မိမိထံဝင်ရောက် မလာစေရန်တားဆီး ရ အလွန်ခက်လှ၏။ မည်မျှပင် အဟန့်အတား အထပ်ထပ်ချကာ လုံခြုံ စွာ နေစေ၊ မိမိ၏ စိတ်ကို မဆုံးမနိုင်လျှင် အချိန်နရာမရွေး မိမိကိုယ် တွင်းသို့  စိမ့်ဝင်လာတတ်သာ သဘောရှိသည်။ တစ်ဖန်၊ နာတာရှည်
ရောဂါနှင့်လည်း အလားသဏ္ဍာန် တူပြန်သည်။ မိမိထံမှ မခွါနိုင်၊ မထွက် နိုင်နှင့်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး တည်တံ့နေသော ကုရခက်သည့် ရောဂါဆိုးကြီး ဖြစ်သည်ဟုဆိုက မမှားနိုင်။ ကိုယ်တွင် ကပ်လျက် နှိပ်စက်တတ် သောကြောင့်လည်းကောင်း၊ လူသတ္တဝါ အားလုံး နီးပါးတွင် တစ်ပြိုင်နက်တည်း ဖြစ်ပွါးနေတတ်၍လည်းကောင်း၊
"ပျင်းရိခြင်း" ကို "ကပ်ရောဂါ" အဖြစ် သတ်မှတ် ရမလိုဖြစ်သည်။
 

ပူလျှင်ပျင်း၊ အေးလျှင်ပျင်း၊ ဆာလျှင်ပျင်း၊ အစာဝလျှင်ပျင်း၊ စောလျှင်
ပျင်း၊ နောက်ကျလျှင်ပျင်း စသည်အားဖြင့် အပျင်းခြောက်ပါးတည်းသာ ရှိ၍တော်ပေသေးတော့သည်။

"ပျင်းရိခြင်း" ရောဂါကို "အပ္ပမာဒ - သတိတရား" တည်းဟူသော
ဆေးချက်ဖြင့်သာ အနိုင်ယူ ထိုးနှက်နိုင်မည်ဖြစ်သည်။

တစ်နေ့ထက်တစ်နေ့  မိမိနေရမည့် အချိန် တိုတောင်းလာနေပြီ ဖြစ် 
ကြောင်းကို သတိရှိသူသည် သိလိမ့်မည်။ သိသည်နှင့်အညီ မိမိလုပ် ကိုင်ရမည့် အလုပ်များကို တက်သုတ်ရိုက်ကာ လုပ်ကိုင်မှ ဖြစ်တော့ မည်ကိုလည်း သိနားလည် ပေလိမ့်မည်။ ထိုအခါ၊ "ပျင်းရိခြင်း" ကို အလဲထိုးပြီး ဇွဲနဘဲကြီးစွာဖြင့် ဆောင်ရွက်တော့ မည်မှာ ဧကန်မုချပင်။

သို့ ဖြစ်ရကား၊ ကျရှုံးခြင်း၏ လက်သည် "ပျင်းရိခြင်း"ကို "သတိတရား"
လက်ကိုင်ထားကာ ဟန့်တားကြပါစို့။ မပျင်းရိကြပါ နှင့်တော့လား။

ကျမ်းကိုး။  ။ဇောတိက၊ ဦး (ပခုက္ကူ ဓမ္မသုခရိပ်သာ)။ "အောင်မြင်ခြင်းရဲ့ သော့ချက်" တရားတော်။

Posted by အေးဆက်

No comments:

Post a Comment