Tuesday, May 12, 2015

ဓမ္မသာကစ္ဆာ (၃၄)


အင်ကြင်းတောကို အလှဆင်ခြင်း

တစ်ရံခါသော် ဂေါတမဘုရားရှင်၏ သာသနာ၌ ထိပ်တန်းရောက် ဧတဒဂ်ရ သူတော်စင်မထေရ်မြတ်ကြီး ခြောက်ပါးသည် အင်ကြင်းတောတွင် ရောက်
ရှိလျက်နေကြသည်။ သာယာလှပသော သဘာဝတရားကို ကြည့်ရှုနေ ရင်းမှ ပညာအရာ၌ အကြီးမြတ်ဆုံးဖြစ်သည့် အရှင်သာရိပုတ္တရာ မထေရ်မြတ် ကြီးက စတင်၍ မေးခွန်းထုတ်လိုက်လေသည်။

အရှင်သာရိပုတ္တရာ

ငါ့ရှင်အာနန္ဒာ၊ ဒီမျှလှပတင့်တယ်ပြီး ပင်လုံးကျွတ်ပွင့်နေတဲ့ အင်ကြင်းတောကြီးကို ပိုမိုကျက်သရေ မင်္ဂလာအပေါင်း ခညောင်းလာစေအောင် အဘယ်သို့ ပြုလုပ်ရရင် ကောင်းပါ မလဲ။
အရှင်အာနန္ဒာ
အရှင်ဘုရား၊ အစ အလယ် အဆုံး သုံးပါးလုံး၏ ကောင်းခြင်းနဲ့
ပြည့်စုံတဲ့ တရားတော်တို့ကို ဟောပြောနာကြားကြကာ ဝိပဿ       နာဘာဝနာကို အားထုတ်နေကြမယ်ဆိုရင် လှပတင့်တယ်
ပျော်မွေ့ဖွယ်ဖြစ်တဲ့ ဒီအင်ကြင်းတောကြီးဟာ ပိုလို့သာ ကျက်သရေ မင်္ဂလာကို ဆောင်ဖွယ်ဖြစ်ပါတယ်ဘုရား။
အရှင်ရေဝတ
အရှင်ဘုရား၊ သမထကို အားထုတ်ကာ ဈာန်ဝင်စားပြီး ဝိပဿ နာဘာဝနာကို ကြိုးစားအားထုတ် နေကြပါက ဒီအင်ကြင်းတော
ကြီးဟာ ပိုမိုတင့်တယ် မင်္ဂလာရှိဖွယ် ဖြစ်ပါတယ်ဘုရား။
အရှင်အနုရုဒ္ဓါ
ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သတ္တဝါအနန္တရဲ့ဆင်းရဲဒုက္ခကို ခွဲခြမ်း
စိတ်ဖြာ ကြည့်ရှုကာ သံဝေဂဖြင့် ဝိပဿ       နာကို ပွားများရရင် ဒီအင်ကြင်းတော ကြီးကို ပိုမိုလို့သာ အလှဆင်သလို ဖြစ်ပါ
လိမ့်မယ်ဘုရား။
အရှင်မောဂ္ဂလာန်
ဒီအင်ကြင်းတောကြီးမှာ အဘိဓမ္မာတရားကို ဆွေးနွေးမေးမြန်း
ဖြေဆိုကြကာ ဝိပဿ       နာကို ကြိုးစားအားထုတ်ကြပါမူ  ပိုမို တင့်တယ်မွေ့ လျော်ဖွယ်ဖြစ်ပါတယ်ဘုရား။
အရှင်မဟာကဿ       ပ
ဓုတင်ကိုဆောင်လျက် ဝိပဿ       နာဘာဝနာ အားထုတ်ကြပါက ဒီအင်ကြင်းတောကြီးဟာ သာလွန် တင့်တယ်မှာ ဖြစ်ပါတယ်
ဘုရား။
နောက်ဆုံးတွင် အားလုံးက အရှင်သာရိပုတ္တရာ၏ အမြင်ကို ပြန်လည်
မေးမြန်းကြလေသည်။
 

ရှင်သာရိပုတ္တရာ
စိတ်ရဲ့ အလိုကိုမလိုက်ဘဲ သီလ၊ သမာဓိတည်လျက် ဝိပဿ        နာ ဘာဝနာကို အားထုတ်ရရင် ဒီအင်ကြင်းတောကြီးဟာ သာလို့ပင် တင့်တယ်မွေ့ လျော်ဖွယ်ဖြစ်ပေမယ် အရှင်ဘုရား တို့။
ထို့နောက် လောကသားအားလုံး၏ တစ်ဆူတည်းသော ဆရာဖြစ်တော် မူသည့် မြတ်စွာဘုရား၏ အဆုံးအဖြတ်ကို နာကြားကြရန် ချဉ်းကပ်ခဲ့ ကြလေသည်။
 

မြတ်စွာဘုရား
ချစ်သားတို့၊ သင်တို့ထင်မြင်ကြသည့်အတိုင်းလည်း ကောင်းလှ
ပါပေတယ်။ ငါဘုရားရဲ့ အလိုကား အကြင်ရဟန်းသည် ဆွမ်း
စားပြီး သည့်အခါ တစ်နေရာရာမှာ တင်ပျဉ်ဖွဲ့ ခွေကာ ငါတရား အားထုတ်အံ့၊ အာသဝေါမကုန်ရင် ဒီနေရာကမထတော့လို့
ဝိပဿ       နာတရားကို အားထုတ်ပြီး နေကြခြင်းသည် ဒီပင်လုံး
ကျွတ်ပွင့်ကာ နေသည့် အင်ကြင်းတောကို ပိုလွန်လှပ တင့် တယ်မွေ့လျော်ဖွယ် ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံစေ
မှာ ဖြစ်
ပေတယ်။
မထေရ်မြတ်များ
သာဓု သာဓု သာဓုပါဘုရား။
စာကိုး။  မြသန်းစံ။ စကားလုံးမပါသော စကားဖြင့် သက်သေပြခဲ့ခြင်း သို့မဟုတ်...။ သံဃာဂုဏ်ကျေးဇူး ဆိုင်ရာ ဓမ္မဆောင်းပါးအစု။ ၂၀၀၆။
 

Posted by အေးဆက်

No comments:

Post a Comment