Wednesday, April 8, 2015

ဓမ္မသာကစ္ဆာ (၃၃)


ဝဋ်မကြိုက်သော ဗုဒ္ဓ
 

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့အနီး မြစိမ်းညို တော
တွင် သီတင်းသုံးလျက်ရှိ၏။ ဗြဟ္မာတစ်ဦးသည် ဘုရားဖူးရန် နောက် လိုက်များနှင့်အတူ ရောက်ရှိလာသည်။ ဘုရားရှင်၏ ပင်ကိုမျက်နှာတော်
အနေအထားကို မသိသော ဗြဟ္မာသည် ကြည်လင်ရွှင်ပြုံးနေသည့် ဘုရားရှင်ကို ဖူးမြင်ရသည်နှင့် မေးမြန်း လျှောက်ထားလေသည်။

ဗြဟ္မာ

အရှင်ဘုရား၊ ဘာကိုများ နှစ်သက်သဘောကျနေတဲ့အတွက် ကြည်လင်ပြုံးရွှင် နေတော်မူပါသလဲ။
ဘုရား
ဘာတစ်ခုက နှစ်သက်စရာကောင်းလို့ ဘာတစ်ခုကို နှစ်သက်
သဘောကျရမှာလဲကွယ့်။ (လောဘဖြစ်စရာ တစ်စုံတစ်ခုမျှ မရှိ
ဟု ဆိုလိုခြင်းဖြစ်သည်။)
ဗြဟ္မာ
ဒါဖြင့် စိတ်ညစ်စိတ်ပျက်ပြီးတော့များ နေရော့သလားဘုရား။
ဘုရား
သတ္တဝါတွေဟာ နှစ်သက်စရာ ပျက်စီးမှသာ စိတ်ပျက်တတ်ကြ တယ်။ နှစ်သက်စရာ သဘောကျစရာအာရုံ တစ်ခုမျှ မရှိတဲ့
ငါဘုရားဟာ အဘယ်မှာ စိတ်ညစ်စိတ်ပျက်မှာ တုန်းကွယ့်။ (ဒေါသကင်းသည်ဟု ဆိုလို၏။)
ဗြဟ္မာ
ပျော်လည်းမပျော် စိတ်လည်းမပျက်ဘူးဆိုရင် အရှင်ဘုရား ပျင်းများနေရော့သလား။
ဘုရား
ပျော်တာ စိတ်ပျက်တာမရှိတဲ့ ငါဘုရားအတွက် ဘယ်မှာ
ပျင်းတယ်ဆိုတာ လာပါ့မလဲကွယ့်။ (လောဘ၊ ဒေါသ မရှိ သဖြင့် မောဟလည်း မလာကြောင်းကို ဆိုလိုသည်။)
ဗြဟ္မာ
အဘယ်ကြောင့် နှစ်သက်ခြင်း၊ စိတ်ညစ်ခြင်း၊ ပျင်းရိခြင်းတွေ မဖြစ်တာပါလဲဘုရား။
ဘုရား
ဒုက္ခသစ္စာကို ဒုက္ခသစ္စာပဲလို့ မသိတဲ့သူဟာ ဒီဒုက္ခသစ္စာကို လိုချင်နှစ်သက်တဲ့ တဏှာ ဆိုတာဖြစ်တယ်။ တဏှာရှိနေရင် လိုချင်တာရအောင် လုပ်လိမ့်မယ်။ ဒါဆို တစ်ပတ်ပြန်လည်ပြီ။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တွေပဲပေါ့။ ဝဋ်ကို ဝဋ်မှန်း သိဖို့လိုတယ်။ ဒါမှ နှစ်သက်တာ၊ စိတ်ပျက်တာ၊ ပျင်းတာတွေ မလာတော့ဘူးကွယ့်။ ဝဋ်ကိုကြိုက်ရင် ဝဋ်ခံရလိမ့်မယ်။ ဝဋ်ကို ကြောက်ရင် ပိုင်တာလည်း မကြိုက်လေနဲ့ ၊ မပိုင်တာ
လည်း မကြိုက်လေနဲ့ အမောင်တို့ ။
စာကိုး   ဆေကိန္ဒ၊ ဒေါက်တာအရှင်။ ဝဋ်ကိုကြိုက်ရင် ဝဋ်လိုက်တတ်တယ် တရားတော်။  

Posted by အေးဆက်

No comments:

Post a Comment