Saturday, November 10, 2012

ဓမ္မသုတ (၁၄)

နေနှင့်တူစွာ ကျင့်ကြံပါ။
  • နေ၏ အပူရှိန်သည် ရေကို ခန်းခြောက်စေသည်။ တရား
    အားထုတ် သူသည် အရှုအမှတ်စိတ်ဖြင့် ကိလေသာများ နည်းပါးခြောက်ခန်းသွားအောင် အားထုတ်ရမည်။
  • နေရောင်ခြည်၏ အစွမ်းသတ္တိကြောင့် နေထွက်လာလျှင် အမှောင်ပျောက်သွားသည်။ နေရောင်ခြည်သည် အမှောင်
    ထုကို ဖြိုခွင်းသည်။ တရားဓမ္မအလင်းရောင်ဖြင့် ကိလေသာ အမိုက်မှောင်ကို ပယ်ရှင်းရမည်။
  • နေသည် တစ်နေရာတည်းတွင် ရပ်တံ့ကာနေသည်ဟူ၍ မရှိ။ တရွေ့ရွေ့အဆက်မပြတ်နေ့စဉ်လစဉ် မရပ်မနား တသွား
    တည်း သွားနေသော သဘာဝရှိ၏။ တရားကျင့်ကြံအားထုတ် သူသည်လည်း အဆက်မပြတ်နှလုံးသွင်းမှု၊ အားထုတ်မှု ရှိနေရမည်။
  • နေ၏ အပူစွမ်းအင်သည် လူတို့အား နွေးထွေးသော အကျိုး ကိုပေးသည်။ တရားအားထုတ်သူများတွင် ဣနြေ္ဒငါးပါး စွမ်းအားရှိငြားက တရားထိရောက်တိုးတက်သော အကျိုးရှိ၏။
  • နေ၏ အလင်းရောင်သည် အကောင်းအဆိုးကို ဝေဖန်ပြသည်။ တရားအားထုတ်သူသည်လည်း တရားနည်းလမ်းမှန်ကို သိနေရမည်။ ဉာဏ်ဖြင့် အကောင်းအဆိုးကို ဝေဖန်နိုင်ရမည်။
  • နေသည်ရာဟုအသူရိန်ဖမ်းသည့်အခါ ပျောက်ကွယ်ရသည်။
    နေသည်ရာဟုအသူရိန်ကို ကြောက်သကဲ့သို့ တရားအားထုတ်
    သူသည် အပါယ်သို့ လားစေမည့် ယွင်းမှားသော အယူဝါဒ
    များ ကို ကြောက်လန့် နေရမည်။
  • နေ၏ ဘေးတွင် ရောင်ခြည်စက်ဝန်း ရှိသည်။ တရားအားထုတ် သူတွင်လည်း ရှုမှတ်စရာ တရားအာရုံတည်းဟူသော
    ရောင်ခြည်စက်ဝန်း ရှိနေရမည်။ 
  • နေကို အတုယူကျင့်ကြံအားထုတ်သူသည် နိဗ္ဗာန်ကို
    မျက်မှောက်ပြုနိုင်သည်။
< ဒေါက်တာအရှင် ပညိဿရ၏ 'နေနှင့်တူစွာ ကျင့်ကြံပါ တရားတော်' >

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment