Wednesday, September 15, 2010

ထေရဝါဒ ဓမ္မ အသံစု ဖန်တီးမှုအစ



မိမိဝန်ထမ်းဘဝမှာ ဆရာတော် ဦးပညာဒီပ (World Buddhist Meditation Institute, Yangon) ထံတရားမေးမြန်း ရန် ရောက်ခဲ့သည်။ ထိုစဉ်က မိန့် ကြားလိုက်သော ဆုံးမစကားကို စွဲမြဲစွာ မှတ်မိနေပါသည်။
"ငယ်တုန်း တရားအသိ ရှာချင်တာ အကောင်းဆုံးပဲ။ အများစုက တပ်မက်မှု အာရုံတွေနောက် လိုက်ရင်း ဆင်းရဲတွင်း နက် နေကြတယ် မဟုတ်လား။ ကြိုက်ပါတယ်ဆိုတဲ့ တေးတပုဒ်ကို ကြာရှည်နားထောင်ကြည့်၊ ငြီးငွေ့လာလိမ့်မယ်၊ ဒါဟာ လောကီကာမဂုဏ် အာရုံရဲ့သဘောပဲ။ တရားဓမ္မ အာရုံတွေကျတော့ အေးငြိမ်း ချမ်းမြေ့တဲ့ သဘောဆောင်တယ်။ မင်းဖတ်လိုတဲ့ တရားစာအုပ်ကို ဘုန်းကြီးပေးမယ်၊ ဖတ်လည်းဖတ်၊ တရားလည်းနာ၊ ကျင့်ဖို့လည်း မမေ့နဲ့၊ တူမကြီးကိုပါ လမ်းပြပေး"   (မှန်ပါဘုရား။)
ဤသို့ ကတိပြုခဲ့၏။ ဇနီးဖြစ်သူ မအေးဆက်သည် ဆရာတော်၏ တူမဖြစ်သည်။

သို့နှင့် ကြင်ဖေါ်ကို အပါခေါ်၍ တရားရှာခဲ့ကြ၏။ ကောင်းမှုဟူသရွေ့၌ အတူပျော်မွေ့ခဲ့ကြသည်။ ယခုအငြိမ်းစား ယူခဲ့ကြပါပြီ။ မြတ်ရတနာသင်တန်း၌ ဆရာဦးမြသောင်း သင်ကြားပိုႚချပေးခဲႚသော အဘိဓမ္မာသင်္ဂြိုဟ်၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်စသော တရားစာပေများတွင်သာမွေ့လျော်နေ ကြပါသည်။ ဖတ်မှတ်ကြသည်။ သိအောင် လုပ်ရင်းရေး ကြ၏။ တရားဆွေးနွေးကြ၏။ တရားနာကြ၏။ တရားအားထုတ်ကြ၏။ နိဗ္ဗာန်တိုင် ပိုႚဆောင်နိုင်သော အနှိုင်းမဲႚ တရားတော်များကိုလည်း မျှဝေလိုစိတ် ဖြစ်ပေါ်လာပါသည်။

ထို့ကြောင့် ဓမ္မမိတ်ဆွေများ နာယူလွယ်ရလေအောင် ဆရာတော်ကြီးများ၏ ထေရဝါဒ ဓမ္မအဆုံးအမများကို အသံစု ပြု၍ စီစဉ်ဖန်တီး လိုက်ပါသည်။ တရားမှတ်စုတိုကို ဦးစွာ စာမြည်းကြည့်ပြီးမှ နာကြားလိုရာကို အကျယ်တဝင့် နာကြား နိုင်ရန် ရည်ရွယ်ပါသည်။ ဓမ္မ အသံစု အကျဉ်း မှ အကျယ် သို့ တည့်မတ်စွာ သွားခြင်းဖြင့် သံသရာဘေး မှ လွန်မြောက်စေရန် ဆက်လက် ကြိုးပမ်းသွားပါမည်။

မြတ်စွာဘုရား၏ တရားတော်သည် သတ္တ၀ါတို့၏ ကောင်းကျိုးချမ်းသာကို အများဆုံးဆောင်ကျဉ်းပေးနိုင်၏။ ထို့ကြောင့် တရားဟောခြင်းသည် အလွန်ကြီးကျယ်သည့် ကောင်းမှုတစ်ရပ်ဖြစ်၏။ ဓမ္မဒေသနာမည်၏။ သင့်လျော်သောအခါ၌ တရားနာခြင်း အကျိုးကလည်း ကြီးမြတ်လှ၏။ အကျိုး ၅ ပါး ရှိသည်ဟု ဗုဒ္ဓ ဟောတော်မူ၏။ ယင်းတို့မှာ_
တရားနာသူသည် မကြားဘူးသေးသော တရားကို ကြားနာရခြင်း၊
ကြားနာဖူးသော တရားကို ပိုမိုရှင်းလင်းစွာ သိရှိရခြင်း၊
ယုံမှားသံသယ ကင်းရှင်းခြင်း၊
အယူအဆ ဖြောင့်မှန်ခြင်း၊
စိတ်ကြည်လင်ခြင်း၊


ဘ၀တစ်ခုမှ လင်းနို့ငါးရာသည် ပဋ္ဌာန်းရွတ်ဆိုသော အသံကို ကြည်နူးဝမ်းမြောက်မှုဖြင့် နာကြားခဲ့ဖူးသည့် အထုံကြောင့် ဂေါတမမြတ်စွာဘုရား လက်ထက်၌ အဘိဓမ္မာဆောင် ရဟန္တာငါးရာဖြစ်ခဲ့ကြပေသည်။
ဘုရားရှင်သည် စမ္ပာပြည် ဂဂ္ဂရာရေကန်အနီးတွင် သီတင်းသုံးကာ ပရိသတ်အား တရားဟောတော် မူသည်။ ထိုစဉ် ဖားငယ် တကောင်သည် ရေကန်မှ ထွက်လာ၏။ တရားနာရာအစွန်၌ ဝပ်လျက် "ဤအသံသည် တရားသံပင်ဖြစ် ၏" ဟုအာရုံပြုကာ နာယူနေသည်။ တရားနာသူ နွားကျောင်းသားတယောက်၏ တုတ်ဖြင့် ဖားငယ်၏ ဦးခေါင်းကို ထောက်မိ သွားသည်။ ဖားငယ် သေဆုံး၏။ ဖားငယ်သည် တရားအဓိပ္ပါယ်ကို မသိ။ သို့သော် တရားကို အာရုံပြု၍ စိတ်ကြည် လင်သဖြင့် တာဝတိံသာ နတ်ပြည်၌ မဏ္ဍူကဒေ၀ပုတ္တ နတ်သား သွားဖြစ် သည်။ ဤကား တရားနာ ခြင်း၏အကျိုး တည်း။

ဘုရားရှင် ကိုယ်တော်တိုင်လည်း တရားနာခဲ့သည်။ တခါက ဘုရားရှင်သည် နန္ဒမထေရ် တရားဟောရာသို့ရောက် ရှိ သည်။ ထိုနေရာတွင် ရပ်လျက်ပင်တရားကို နာ ကြားတော်မူသည်။ ညဉ့်သုံးယံလုံး တရားနာကြားပြီးနောက် သာဓုခေါ် ဆိုတော်မူ၏။

ဤသာဓကများကို ထောက်လျှင် ပုထုဇဉ် များသည် ပို၍ပို၍ပင် တရားနာဖို့ ကောင်းပါသည်။ ဆရာ တော်ကြီးများ ၏ ကျေးဇူး ကြောင့်လည်းကောင်း၊ ခေတ်၏တိုးတက်မှု ကြောင့်လည်းကောင်း၊ ယခုအခါ တရားတော်များ ကို အလွယ် တကူရရှိ နာကြားနေနိုင်သည်မှာ အလွန်ကံကောင်းပါသည်။ မြတ်တရားနာ၍ မိမိကိုယ်တိုင် အိုနာသေ ကင်းရာ ချမ်းသာစစ်ကို ရှာတွေ့နိုင်ကြပါစေ။

Posted by ဉာဏ်ဦး

No comments:

Post a Comment