Showing posts with label ဂရုဓမ္မအခါတော်နေ့. Show all posts
Showing posts with label ဂရုဓမ္မအခါတော်နေ့. Show all posts

Monday, September 12, 2011

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့


မည်သည့်နေရာမဆို အကြောင်းကောင်းလျှင် အကျိုးကောင်း စမြဲပင်။ မြတ်ဗုဒ္ဓ၏ တရားတော်များမှာ အကြောင်းကောင်းတွေပြု၍ အကျိုးကောင်းတွေရသည့် သာဓကများစွာရှိသည်။ လူ့လောကတွင် အလို အပ်ဆုံးနှင့် အရေးကြီးဆုံးအရာသည် မည်သည်နည်း။ ဂရုဓမ္မဇာတ်တော် အချုပ်ကို အနှစ်ထုတ်ကြည့်
လျှင် အမှန်သိပေမည်။

တစ်ခုသောဘဝဝယ် ဘုရားလောင်းသည် ကုရုတိုင်း၊ ဣန္ဒပတ္တနဂိုရ်ပြည်၌ ဓနဉ္စယ ကောရဗျမင်းဖြစ်၏။ ထိုဘုရင် အုပ်စိုးစဉ် တစ်ပြည်လုံးကို သီလတရားစောင့်ထိန်းစေသည်။ အားလုံးသီလလုံခြုံအောင် စောင့် ကြသဖြင့် ထိုတိုင်းပြည်မှာ မိုးလေဝသမှန်ကန်၏။ ကောက်ပဲသီးနှံ စပါးဆန်ရေပေါများ၏။ ပြည်သူလူ အများလည်း ငြိမ်းချမ်း၍ ရောဂါဘေးဆိုးများမှ ကင်းဝေးကြရသည်။

ထိုအချိန်မှာ ကာလိင်္ဂမင်း စိုးစံသော ဒန္တပူရပြည်သည်ကား မိုးနည်းရေရှား ဖြစ်နေ၏။ ဆန်ရေစပါး ရှားပါးသောကြောင့် လူအများလည်း ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရသည်။ ထိုအခါ ဘုရင်သည် ကောရဗျမင်း
၏ တိုင်းပြည်သာယာဝပြောခြင်း၏ အကြောင်းရင်းကို စူးစမ်းလေ့လာ၏။ ဤတွင် ကောရဗျမင်း နှင့်
ပြည်သူအများ၏ သီလစွမ်းအားကြောင့် ကောင်းကျိုးဖြစ်ထွန်းခဲ့ရသည်ကို သိရှိယုံကြည်လာသည်။

ထို့ကြောင့်၊ ကာလိင်္ဂမင်း နှင့်တကွ ပြည်သူပြည်သားတို့သည် ကုရုဓမ္မကို ကြိုးစားလိုက်နာကြကုန်၏။ သီလတရား ပြည့်စုံလာကြသောအခါ ဒန္တပူရပြည်သည်လည်း ဥတုရာသီကောင်းမွန်လာပြီး သာယာ
ဝပြော လာတော့၏။ အကြောင်းရင်း ကုရုဓမ္မ ပြည့်စုံလုံခြုံမှုကြောင့် အကျိုးထူးများ ရလာခြင်းဖြစ်၏။ ကုရုဓမ္မခေါ် ဂရုဓမ္မသည် ယနေ့ ဗုဒ္ဓဘာသာဝင်တိုင်း စောင့်ထိန်းကျင့်သုံးနေကြသည့် ပဉ္စသီလ
(ဝါ) ငါးပါးသီလပင်ဖြစ် ပါသည်။

ကုရုဓမ္မဇာတ်တော်လာအတိုင်း တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မအခါတော်နေ့ အဖြစ်သတ်မှတ်ခဲ့
ကြ၏။ ကာလရွေ့လာသော် ကုရုဓမ္မမှသည် ဂရုဓမ္မဟူ၍ ဖြစ်လာတော့၏။ဝေါဟာရပြောင်းလဲမှုတစ်ခု ပင်ဖြစ်ပေသည်။ မည်သို့ဆိုစေ သတ်မှတ်မှုကား ကောင်းမွန်လှ၏။ လိုက်နာကျင့်သုံးမှု အားကောင်းဖို့
လည်း ပို၍လိုမည်ထင်မိသည်။

ဆန်စပါးစိုက်ပျိုးရာသီ တော်သလင်းလပြည့်နေ့ ကို ဂရုဓမ္မအခါတော်နေ့မြတ်ဟု သတ်မှတ်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာတို့၏ ကိုယ်ကျင့်တရား အလေးအမြတ်ထားပုံကို ပြသရာရောက်ပေသည်။ အလေး ထားကြသည့်အတိုင်း မြဲမြံစွာ လိုက်နာပြုကျင့်ကြဖို့လည်းလိုမည်၊ ဖြူစင်ဖို့လည်းလိုမည်ထင်ပါသည်။
သို့မှသာ သီလ၏ အစွမ်း ထက်မှုကို ဧကန်ခံစားရမည် မလွဲတည်း။

ထိုမှတစ်ပါး သီလဖြူစင်ခြင်း နှင့် ပြည့်စုံသူသည်
() မေ့လျော့မှု မရှိခြင်း () ကောင်းသတင်း ကျော်စောရခြင်း () ပရိတ်သတ်တွင်း အကြောက်
ကင်းစွာ ဝင်နိုင်ခြင်း
() သေခါနီးအခါ မတွေဝေဘဲ သေနိုင်ခြင်း () သေပြီးနောက် သုဂတိဘုံဘဝ ၌ ဖြစ်ရခြင်း _ ဟူသော အကျိုးတရားတို့နှင့် ပြည့်စုံနိုင်သည့်အပြင် အထက်မဂ်ဉာဏ်များကို ရရှိစေ
 နိုင် သည့် လှေကား သဖွယ်လည်း ဖြစ်ကြောင်း ဗုဒ္ဓ မိန့်တော်မူခဲ့၏။

ငါးပါးသီလသည် လူတိုင်းအတွက် အခြေခံအကျဆုံး အရှင်းဆုံး အကျိုးများဆုံး ကိုယ်ကျင့်တရားဖြစ်
သည်။ အရေအတွက်အားဖြင့် နည်းပါး၏။ သို့သော် လိုက်နာကျင့်သုံးလေ မိမိရောအများပါ အကျိုး ကြီးမားလေ ဖြစ်သည်။ ထိုငါးပါးကား_
၁။ သူ့အသက်ကိုသတ်ခြင်း-
၂။ သူ့ဥစ္စာခိုးခြင်း-
၃။ အိမ်ထောင်ရေးဖေါက်ပြားခြင်း-
၎။ လိမ်ညာပြောဆိုခြင်း-
၅။ အရက် မူးယစ်ဆေး သောက်သုံးခြင်း- တို့မှ လုံးဝရှောင်ကြဉ်မှုများ ဖြစ်၏။

လူပီသသော သူတော်ကောင်းများသည် ဤငါးပါးကို ထာဝရရှောင်ရှားကြ၏။ မည်သူမဆို အမြဲစောင့် ထိန်းနိုင်ရမည်။ စောင့်ထိန်းသည်နှင့်အမျှ တစ်ဦးချင်း၏ စိတ်သန္တာန်သည် ဖြူစင်နေမည်၊ ငြိမ်းအေးနေ
မည်။ အချင်းချင်း နှိပ်စက်မှုမှလည်း ကင်းဝေးနေကြမည်။ ထို့အပြင်၊ သီလမြဲမြံသူတို့ကို ဝန်းကျင်တွင် ရှိကြကုန်သော သမာဒေဝ နတ်ကောင်းနတ်မြတ်တို့ကလည်း စောင့်ရှောက်ကြ၏။ သီလရှိသူများ နေထိုင်
ရာ တိုင်းနိုင်ငံသည် ရာသီဥတုမှန်ကန်လာပြီး ကောက်ပဲသီးနှံများ ဖွံ့ဖြိုးစည်ပင်လာသည်။ လူတို့လည်း စားဝတ်နေရေး အဆင်ပြေလာကြမည်မှာ မလွဲပေ။

ထို့ကြောင့်၊ တစ်ဦးချင်းမှသည် တစ်ကမ္ဘာလုံးအထိ ငြိမ်းချမ်းသာယာဝပြောလာအောင် အမြဲတမ်း
လိုက်နာကျင့်သုံးအပ်သည့် ငါးပါးသီလခေါ်ဂရုဓမ္မကိုယ်ကျင့်ကောင်းများ လုံခြုံအောင် သတိထား
စောင့်ထိန်းကြဖို့ လေးစားစွာ တိုက်တွန်းလိုက်ပါသည်။ ကုရုတိုင်းသားများ ကျင့်သုံးခဲ့၍ ကုရုဓမ္မ ဟု
တွင်ခဲ့၏။ ကုရုတိုင်း သားများကဲ့သို့ လိုက်နာကျင့်သုံးနိုင်သည် နှင့် အမျှ ကောင်းကျိုးချမ်းသာကို ခံစားနိုင်ကြပါစေကုန်သတည်း။

Posted by ဉာဏ်ဦး