Sunday, January 27, 2013

ဓမ္မပဒ ၂ [ခုဒ္ဒကနိကာယ်]


၁။ ယမကဝဂ္ဂ၊ အစုံဖြစ်သော တရားတော်များ
၂။ မဋ္ဌကုဏ္ဍလီဝတ္ထု

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။

နာမ်ခန္ဓာ (လေးပါး) တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ သန့်ရှင်းကြည်လင်သော စိတ်ဖြင့်အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်း
ကောင်း၊ ကြံစည်သော်လည်းကောင်း ထို
(ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူ
သို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

Posted by ဉာဏ်ဦး

Thursday, January 24, 2013

ထေရဝါဒ ဟောဓမ္မ (၂)


နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ (ပါ-ချုပ်၊ ITBMU)ရုပ်တရား ကို လေ့လာသုံးသပ်ခြင်း အကြောင်း (၁)။ ရန်ကုန်၊ ၁၃၇ဝ။

ရုပ်တရားကို လေ့လာသုံးသပ်ရာတွင်_ရုပ်နှင့်နာမ်ကို နှိုင်းယှဉ်
ခြင်း၊ အဘယ်ကြောင့် ရုပ်ဟုခေါ်ဆိုရကြာင်းနှင့် ရုပ်ဖောက်
ပြ
န်ပြောင်း
လဲရခြင်း အကြောင်း၊ ရုပ်ဟူသည်နှင့် ရုပ်ဖြစ်
ကြောင်းတရား
စသည်တို့ ပါဝင်အောင် ဟောကြားထားသည်။   တရားနာပါ။

နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ (ပါ-ချုပ်၊ ITBMU)
ရုပ်တရား ကို လေ့လာသုံးသပ်ခြင်း အကြောင်း (၂)။ ရန်ကုန်၊ ၁၃၇ဝ။

ရုပ်နှစ်ဆယ့်ရှစ်ပါးကို အမျိုးအစား ခွဲခြားပြခြင်း၊ ပဋိသန္ဓေအမျိုး အစားများ လူတို့သန္ဓေတည်နေ ရပုံ၊ ရုပ်၏ လက္ခဏာများနှင့် ရုပ်တရားကို သိရှိခြင်း၏ အကျိုးကျေးဇူးတို့ကို ဖေါ်ပြဟော
ကြားထားသည်။   တရားနာပါ။

ပညိဿရ၊ ဒေါက်တာအရှင် (ဓမ္မဒူတ၊ ပဲခူး)
ဖြူစင်သောစိတ်ထား။ ပဲခူး၊ ၁၁ ဖေဖေါ်ဝါရီ ၂ဝဝ၇။

တစ်ကိုယ်လုံး မီးစွဲလောင်နေသော မြွေ ပြိတ္တာအကြောင်းကို ညွှန်ပြလျက် စိတ်ကို ညစ်နွမ်းစေ သည့် ကာမစ္ဆန္ဒနီဝရဏ (လောဘ)နှင့် ဗျာပါဒ နီဝရဏ (ဒေါသ) စသော နီဝရဏနှစ်ပါး ကို ထင်ရှားအောင် ဖေါ်ပြထားပြီး ယင်းတို့ကို ကျော်လွှားကာ စိတ်ကိုဖြူစင်အောင်ထားပုံတို့ကို ဟောကြားထားသည်။ တရားနာပါ။

ပညိဿရ၊ ဒေါက်တာအရှင် (ဓမ္မဒူတ၊ ပဲခူး)
ဘဝစစ်တမ်း။ ပဲခူး၊ ၉ နိုဝင်ဘာ ၂ဝဝ၆။

အရှင်ရဋ္ဌပါလနှင့် ကောတဗျမင်းတို့၏ တရားဆွေးနွေးစကား ကို ကိုးကားလျက် မိမိ၏ ဘဝကို စစ်တမ်း ထုတ်ကြရန်နှင့်
၁။ အို နာ သေခြင်းတို့ကြောင့် ဘဝသည် မတည်မြဲကြောင်း၊ ၂။ မိမိ အားထုတ်ထားသာ တရားမှတစ်ပါး အားကိုးစရာ မရှိကြောင်း၊ ၃။ သေသည်၏ နောက်တွင် ပိုင်ဆိုင်သမျှတို့ကို စွန့်ခွါခဲ့ရမည် ဖြစ်သဖြင့် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိကြောင်းနှင့် ၄။ တဏှာ လောဘကြောင့်မည်သည့်အခါမျှ ပြည့်စုံကျေနပ်
ခြင်း မရှိနိုင်ကြောင်းတို့ကို စိတ်တွင် စွဲမြဲထားကြရန် ဆုံးမ
ဟောကြားထားသည်။  တရားနာပါ။

ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်)
ဉာဏ်သုံးဆင့်တက်ပုံနှင့် အလုပ် စဉ်ပြတရား။ မိုးကုတ်၊ ၉ ဒီဇင်ဘာ ၁၉၅၉။

မဂ်ဉာဏ် အဆင့်သုံးဆင့်တက်ပုံနှင့် မဂ်ဉာဏ်သည် ကျင့်ကြံ အားထုတ်မှသာ ရရှိနိုင်ပြီး တစ်ပါးသူထံမှ ခွဲဝေယူ၍ မရရှိနိုင် 
ကြာင်းတို့ကို ရှင်းလင်းဟောကြားထားသည်။   တရားနာပါ။

ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်)
ဥတ္တရလုလင်ဥပမာပြ၊ ဝိပဿနာ အားထုတ်နည်း။ မိုးကုတ်၊ ၁ဝ ဒီဇင်ဘာ ၁၉၅၉။

သံသရာကို အဆုံးသတ်ခြင်း အလို့ငှါ အားထုတ်ရမည့် ဝိပဿနာ ကျင့်စဉ်ကို "ဥတ္တရလုလင်" ဇာတ်ကြောင်း ဥပမာပြဖြင့် လိုရင်းတိုရှင်း နည်းပေးဖေါ်ပြထားသည်။   တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Monday, January 21, 2013

ဓမ္မသာကစ္ဆာ (၆)


သိကြားမင်းရှိခိုးသော လူပီသသူများ

တစ်ပါးသော ကာလကဖြစ်သည်။ သိကြားမင်း၏ စေခိုင်းချက်အရ အပါးတော်မြဲ မာတလိနတ်သားသည် အာဇာနည်မြင်းတစ်ထောင်
ကသော ရထားကို အသင့်ပြင်ကာ စောင့်စားလျက်နေ၏။ သိကြား
မင်းသည် ဝေဇယန္တာနန်းပြာသာဒ်မှ ဆင်းသက်မလာမီ ဦးစွာအောက် အရပ်သို့  လက်အုပ်ချီ ရှိခိုးလေသည်။ ထို့ နောက်မှ ရထား ဆီသို့  လှမ်းကြွတော်မူလာသည်။ ဤအခြင်းအရာကို မြင်တွေ့ရသော မာ တလိနတ်သားကား ဘဝင်မကျဖြစ်မိသည့်အလျောက် သိကြားမင်း အား လျှောက်ထားမေးမြန်းတော့သည်။  

မာတလိ         
အရှင်သိကြားမင်း၊ အရှင့်အား နတ်မင်းကြီးလေးပါးနှင့် တကွ နတ်အပေါင်းတို့က ရှိခိုးကြရသည် မဟုတ်ပါလား၊ သို့ပါလျက် အရှိခိုးခံ အရှင်သိကြားမင်းက အဘယ်သို့သော ပုဂ္ဂိုလ်များကို ရှိခိုး  နေပြန်ပါသလဲ ဘုရား။
သိကြားမင်း    
လူ့ပြည်မှာရှိတဲ့ လူသားများစွာထဲက လူပီသသူတွေကို ငါသိ ကြားမင်း ရှိခိုးခြင်းဖြစ်တယ် မာတလိ။
မာတလိ         
လူထဲကလူတွေထဲမှာ လူပီသသူတွေရယ်လို့ တစ်မျိုး ထပ်ပြီး ရှိပါသေးလားဘုရား။
သိကြားမင်း    
ရှိပါလေဘိ မာတလိရယ်။
မာတလိ         
ဒါဖြင့် လူပီသသူဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ခေဆိုကြောင်း မိန့်ကြားတော်မူပါဘုရား။
သိကြားမင်း    
မိဘကို လုပ်ကျွေးခြင်း ကုသိုလ်တွေ ရယူနေတဲ့ ပုဂ္ဂိုလ်၊ မိဘ
ကို ရှိခိုးပြီးမှ အိပ်လေ့ရှိတဲ့ ပုဂ္ဂိုလ်၊ ရတနာသုံးပါးကို ဦးထိပ်
ထား ဆည်းကပ်ကိုးကွယ်နေတဲ့ ဥပါသကာ ဥပါသိကာ အစစ်
ဖြစ်တဲ့ ပုဂ္ဂိုလ်၊ လူတို့ကျင့်အပ်တဲ့ ငါးပါးသီလကို ခါးဝတ်ပမာ
မြဲမြံစွာစောင့်ထိန်းနတဲ့ ပုဂ္ဂိုလ်၊ မိမိရဲ့သားမယားကို တရား သဖြင့် လုပ်ကျွေးစောင့်ရှောက်နေ
တဲ့ ပုဂ္ဂိုလ်နဲ့ သာသနာ့ဝန် ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ ထေရ်ရှင် ရဟန်းစတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ လူပီသသူတွေပဲမာတလိရဲ့မှတ်ထားကွဲ့ ။
မာတလိ         
မှတ်သားထားပါမယ် အရှင်သိကြားမင်း။
သိကြားမင်း    
ဒီလိုပုဂ္ဂိုလ်တွေဟာရှိခိုးထိုက်သူတွေဖြစ်လို့ ငါသိကြားမင်း ရှိခိုးမြဲဖြစ်တယ်။ ယခုကစလို့ သင်သည်လဲပဲ အနှီလူပုဂ္ဂိုလ် များကို ရှိခိုးပေတော့ မာတလိ။
မာတလိ         
မှန်လှပါ မမေ့မလျော့ ရှိခိုးပါမည် အရှင်သိကြားမင်း။
သိကြားမင်း     
ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။
ကျမ်းကိုး။  ။ပညာနန္ဒ၊ အရှင် (သီတဂူကြယ်တစ်ပွင့်)။ "လူပီသသော လူ့ဘဝ" တရားတော်။ မကွေးမြို့။

Posted by  အေးဆက်

Friday, January 18, 2013

ဓမ္မပဒ ၁ [ခုဒ္ဒကနိကာယ်]

 
- ယမကဝဂ္ဂ၊ အစုံဖြစ်သော တရားတော်များ
- စက္ခုပါလတ္ထေရဝတ္ထု

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။

နာမ်ခန္ဓာ (လေးပါး) တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူးရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ ပြစ်မှားလိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ဆင်းရဲသည် အစဉ်လိုက်လေ၏။

Posted by ဉာဏ်ဦး

Saturday, January 12, 2013

ထေရဝါဒ ဟောဓမ္မ (၁)

ဇဝန၊ အရှင် (မေတ္တာရှင်)။ ထေရဝါဒ မှတ်ကျောက်။ ရန်ကုန်၊ [ခုနှစ်မပါ။]

ထေရဝါဒ၏ အဓိပ္ပါယ်၊ အချိန်၏ တန်ဖိုး၊ သူတော်ကောင်းတို့က အချိန်ကို မည်သို့အကျိုးရှိစွာ အသုံးပြုပုံနှင့် မသူတော်တို့အချိန် ဖြုံးနေကြပုံ၊ ရဟန္တာနှင့် ပုထုဇဉ်တို့၏ ကွာခြားချက်၊ အစွန်း သုံးပါး ကိုရှောင်ကာ ကိုးကွယ်ပူဇော်ခြင်း၊ ထေရဝါဒ၏ မှတ်ကျောက်၊ ဘာသာရေးဆိုင်ရာ အမေးအဖြေများ စသည်တို့ပါရှိသည်။ တရားနာပါ။
ဇဝန၊ အရှင် (မေတ္တာရှင်)။ ဓမ္မအမွေ။ ရန်ကုန်၊ [ခုနှစ်မပါ။]

အာစိဏ္ဏကံ ကုသိုလ် ပြုလုပ်ကြရန် အကြံပြုထားပြီး၊ နမောတဿ ဘုရားရှိခိုး၊ ငါးပါးသီလနှင့် သရဏဂုံ အကျိုးများကို ဥပမာများဖြင့် ရှင်းလင်းထားသည်။ အာမိသအကျိုးနှင့် ဓမ္မအမွေများ အကြောင်း ကိုလည်း ဇာတ်ကြောင်းသာဓကအမျိုးမျိုး ဖေါ်ပြဟောကြားထား
သည်။ ထို့ ပြင်၊ သောတာပန်၊ ပညတ်၊ ပရမတ်နှင့် နိဗ္ဗာန်တို့၏ အဓိပ္ပါယ် ဆိုလိုရင်းနှင့် ဘာသာရေး အမေး အဖြေများ ပါရှိသည်။
တရားနာပါ။
ဉာဏိဿရ၊ ဒေါက်တာအရှင် (သီတဂူဆရာတော်)။ ထေရဝါဒနိဒါန်း တရား။ ရန်ကုန်၊ ၂ ဇွန် ၂ဝဝဝ။

ထေရဝါဒ သာသနာဟူသည်၊ ထေရဝါဒသာသနာ၏ ထူးခြားသော လက္ခဏာများ၊ အရှင်မဟာကဿပ အား လေးစားထိုက်ပုံနှင့် သံဃအစည်းအဝေးကြီးတွင် မထေရ်မြတ် ချမှတ်ခဲ့သော မူဝါဒ သုံးချက်၊ ပထမသင်္ဂါယနာတင် အကြောင်းနှင့် ထေရဝါဒနှင့် မဟာသံဃိကဟု သာသနာနှစ်ရပ် ကွဲပြားသွားခြင်းတို့ကို ဖေါ်
ပြဟောကြားထားသည်။   
တရားနာပါ။
ဉာဏိဿရ၊ ဒေါက်တာအရှင် (သီတဂူဆရာတော်)။ ထေရဝါဒ သင်္ဂါယနာ တင်တရား။ ရန်ကုန်၊ ၃ ဇွန် ၂ဝဝဝ။

ဘိက္ခု အပရိဟာနိယ (သံဃာနှင့်သာသနာကြီးပွါးကြောင်း)နှင့် ရာဇ အပရိဟာနိယ (မင်းနှင့် သာသနာ ကြီးပွါးကြောင်း) တရား များ၊ ဗုဒ္ဓ၏ အလုပ်အကျွေးအဖြစ် လက်ခံခြင်းမပြုမီ အရှင် အာနန္ဒာ က ဗုဒ္ဓအား ပန်ကြားသော တောင်းဆိုချက် ရှစ်ခု၊ ပထမမှ ဆဋ္ဌမ သင်္ဂါယနာတင်အထိ ကျင်းပခြင်းများ၊ အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံ လွန်တော်မူခြင်း စသည်တို့ကို ဖေါ်ပြဟောကြား ထားသည်။   တရားနာပါ။
သုမင်္ဂလ၊ ဦး (ဒယ်အိုးဆရာတော်)။ ဓမ္မကျေးဇူး။  ပြင်ဦးလွင်၊ ၄ မေ ၂ဝဝ၈။

ဓမ္မ၊ သီလ၊ သမာဓိနှင့် ပညာတို့ကို အဓိပ္ပါယ်ဖွင့်ဆိုပြခြင်း၊ ဓမ္မ၏
ကျေးဇူး၊ ဓမ္မကို ဖျက်ဆီး၍ မရနိုင်ပုံ၊ လောကကြီး အဘယ်ကြောင့် ဒုက္ခရောက်နေရ
ကြောင်း ဟောကြားထားပြီး တရားဆောင်သူ
ဖြစ်ကြစေရန်လည်း တိုက်တွန်းထားသည်။  
တရားနာပါ။
သုမင်္ဂလ၊ ဦး (ဒယ်အိုးဆရာတော်)။ ဓမ္မအား။ မြင်းကဆိပ်၊ ၂၃ ဇန္နဝါရီ ၂ဝဝ၉။

ဓမ္မ၏ အင်အားကို ဖော်ည္မန်းလျက် သီလ၊ သမာဓိနှင့် ပညာတို့
သည် မိမိတို့၏ ဘဝကို စောင့်ရှောက်သည့်အကြောင်းကို‘တုံတိလ ဝက်ညီနောင်’ ဇာတ်ကြောင်းဖြင့် ဟောကြား
ထားသည်။   တရားနာပါ။


Posted by ဉာဏ်ဦး၊ အေးဆက်

Sunday, January 6, 2013

ဓမ္မသုတ (၁၆)

ဆင်ငယ်နည်းတူ အားထုတ်မူ
ဆင်ငယ်လေးသည်ကြီးလာလေလေ တဖြည်းဖြည်း
ပိုမိုလေးလံသော ဝန်ကို မ နိုင်လေလေဖြစ်သည်။
တရားအားထုတ်သူသည်လည်း ဇွဲလုံ့ လဝီရိယဖြင့် တိုး၍တိုး၍ ရင့်သန်လာအောင် အားထုတ်နိုင်သည်နှင့်အမျှ တရားတိုးကာ ရည်မှန်းရာလမ်းဆုံးသို့ ရောက်နိုင်မည်ဖြစ်သည်။
< ဦး ဝိမလ (မိုးကုတ်ဆရာတော်)။ ဝီရိယအကူအညီဖြင့် သမာဓိပညာမဂ္ဂင်ဆိုက်အောင် ပွါးများနည်း တရားတော် >

တရားအားထုတ်သူ၏ အလုပ်
အပင်စိုက်၊ ရေလောင်း၊ ပေါင်းသင်ခြင်းသည် စိုက်ပျိုးသူ၏ အလုပ်ဖြစ်သည်။ အပွင့်ပွင့်ခြင်း၊ အသီးသီးခြင်းတို့မှာ သူ့ဘာသာဖြစ်လာလိမ့်မည်။ လောဘ၊ ဒေါသ၊ မောဟတို့ ဖြစ်ခွင့်မပေးသောအားဖြင့် ပယ်ခြင်းသည် တရားအားထုတ်သူ၏ အလုပ်ဖြစ်သည်။ ပယ်နိုင်ခဲ့သော် တရားရရှိမည်သာဖြစ်၏။
< ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ၊ မှော်ဘီ)။ အစကသာကြိုသိခဲ့ရင် တရားတော် >

သိ ပယ် ဆိုက် ပွါး အလေးထား

ကြက်မကြီးသည် ဥမှချက်ချင်း အကောင်ငယ်ကလေးများ
ပေါက်လို၍ မရ။
ဝပ်ခြင်း၊ ကြက်ငွေ့ ပေးခြင်းနှင့် ကြက်နံ့ ပေးခြင်းများကို
ပြုလုပ်ရသည်။
တရားအားထုတ်သူများသည်လည်း သိ၊ ပယ်၊ ဆိုက်၊ ပွါး ကိစ္စလေးရပ် ပြုလုပ်မှသာ တရားရနိုင်မည်ဖြစ်သည်။
< အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ)။ လမ်းရှင်းနေမှ ရှုပွါးရ တရားတော် >

အချိန်လွန်မှ အားထုတ်မရ

အချိန်လွန်မှ တရားအားထုတ်ခြင်းသည် ခရမ်းသီးပိန်ကို ဓါးတုံးနှင့် လှီးသကဲ့သို့ ခရီးတွင်ခြင်း မရှိချေ။
< အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)။ သိ ပယ် ဆိုက် ပွါး တရားတော် >

Posted by အေးဆက်

Tuesday, January 1, 2013

နှစ်သစ်အတွေး (၂ဝ၁၃)


နက်ဖန်ဘာလုပ်ရမလဲ၊
တင်ကြိုတွေးကာ အသင့်ပြင်စမြဲ။
အသေနီးတာ စိတ်မစွဲ၊
တကယ်တွေးကြဖို့ က "သေခြင်း" ပဲ။

Posted by  အေးဆက်